မော်လမြိုင်မြို့ရှိ နေအိမ်တခု၌ ဖွင့်လှစ်ထားသော စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုကြောင့် ကျပ် သိန်း ၁ ရာကျော် ဆုံးရှုံးကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ် ၁နာရီခန့်က မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ဦးအောင်ဇော်မင်း၏ စက်သုံးဆီ ရောင်းချသော နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မော်လမြိုင်ခရိုင် မီးသတ် ဦးစီးဌာမှူးရုံး က ပြောသည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ပလပ်စတစ်ပုံးထဲသို့ ဓာတ်ဆီလှယ်ထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဦးအောင်ဇော်မင်း၏ ခန္ဓာကိုယ်နှင့် ခြေ၊ လက်များ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ထားရကြောင်း မီးသတ်ဦးစီးဌာနက ပြောပြသည်။
ယင်းဖြစ်စဉ်ကြောင့် အနီးအနားရှိ နှစ်ထပ်ပျဉ်ထောင်အိမ် ၂ လုံး၊ သုံးထပ်တိုက် ၁ လုံး၏ အဖီတခု၊ ဈေးဆိုင်ခန်း ၁ ခန်း အပြင် ပါပလစ်ကာ ကား ၁ စီးနှင့် ဟိုက်ဂျက်ကား ၁ စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
လက်ရှိ၌ မီးလောင် ဒဏ်ရာများရရှိသူ ဦးအောင်ဇော်မင်းမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်းနှင့် ယင်းမီး လောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးသည် ၁၁၃ သိန်းကျော်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် မီးသတ် ဦးစီး ဌာနက ထုတ်ပြန်ပြောဆိုသည်။
ဓာတ်ဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းအပေါ် ဦးအောင်ဇော်မင်းကို မော်လမြိုင်မြို့မ ရဲစခန်းတွင် (ပ) ၁၀၇/ ၂၀၁၈ မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့ခြင်း ဆိုင်ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူထားရာ ယင်းပုဒ်မသည် ထောင်ဒဏ် သုံးနှစ် အထိဖြစ်စေ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရ သည်။