သတင်း

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များထံ မြန်မာဘက်မှ ပေးပို့သည့် ဖောင်ပုံစံများ မရောက်ဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် ပြုရန်အတွက် ဖြည့်သွင်းရမည့် ဖောင်ပုံစံများကို ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ ထား သော်လည်း ဒုက္ခသည်များထံ မရောက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ဧပြီလ ၁၉ ရက်က ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဌာန (NRPC) ၌ ပြုလုပ်သည့် ကော့စ်ဘဇားနှင့် ဒါကာ ခရီးစဉ် အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့ ဒုက္ခသည်တွေကို ကိုယ်တိုင် မေးမြန်းကြည့်တော့ သူတို့ ဒီဖောင်တွေကို တခါမှ မမြင်ဖူးဘူးလို့ ပြောကြ တယ်။ သူတို့ဆီ ဘာသတင်းအချက်အလက်မှလည်း မရောက်ဘူးလို့ ပြောတယ်။ အဲဒါ အဓိက အချက်ပဲ”ဟု ၎င်းက ပြောပြသည်။

ကော့စ်ဘဇားရှိ ဒုက္ခသည်များက ယနေ့ အချိန်အထိ ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်သည့် ဖောင်ပုံစံများကို မည်သူ ကမှ လာရောက် အသိပေး ဖြည့်စွက်ခိုင်းခြင်း မရှိသေးကြောင်းကို မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း အသိပေး ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၁၀ ရက်၌ ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာ နေထိုင်သူများ စခန်း၌ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်မတိုင်ခင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ဒုက္ခသည် ၈ ထောင်ကျော်စာရင်းနှင့် ဖြည့်စွက် ထား သော ပုံစံများမှာ မမှန်ကန်သဖြင့် စိစစ်ရန် ခက်ခဲကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောဆိုထားသည်။

“အချက်အလက်တွေ မပြည့်စုံတဲ့ သတ်မှတ်ချက်တွေနဲ့ မညီညွတ်ဖောင်တွေကြောင့် နှောင့်နှေး ကြန့်ကြာနေပါတယ်။ သူတို့ (ဘင်္ဂလားဒေ့ရှ် အစိုးရ)က ပေးပို့ထားတဲ့ ဖောင် ၈ ထောင်လောက် လက်ခံထားပါတယ်။ ကျနော်တို့ ချက်ချင်း စိစစ် အတည်ပြုပြီးတာက ၇၅၀ လောက်ရှိပါပြီ”ဟုလည်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ၈ဝ၃၂ ဦး၏ စာရင်းနှင့် ဖြည့်စွက်ထားသော ပုံစံများမှာ နှစ်နိုင်ငံကြား သဘောတူ ညီချက်များပါ ဖောင်ပုံစံအတိုင်း မဟုတ်သည့်အပြင် ၎င်းတို့ ဆန္ဒ အလျောက် ပြန်လာလိုကြောင်း ဖော်ပြ လက်မှတ် ရေး ထိုးထားမှု၊ လက်ဗွေ ပုံစံနှင့် ဓာတ်ပုံများ ပါဝင်ခြင်း မရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့ သတ်မှတ်ချက်များနှင့် မညီညွတ်သည့်အတွက် မြန်မာဘက်မှ ယင်းပုံစံများကို စိစစ်ရန် ခက်ခဲကြောင်းကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သုံးကြိမ် အသိပေးခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အကြမ်းဖက်သမားတွေလည်း ပါဝင်ခွင့်မရှိအောင် စစ်ဆေးရေး စခန်းတွေလည်း လုပ်ထားပါတယ်။ ဒီစခန်းမှာ လုံခြုံ ရေးနဲ့ စိစစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က ဒီဖောင်ကို ဖြည့်ရတာပါ။ အဲဒီဖောင်မှာ ဓာတ်ပုံလည်း ပါတယ်။ လက်ဗွေ လည်းပါတယ်။ ဒါမှ ကျနော်တို့က ကွန်ပျူတာနဲ့ စစ်လိုက်တဲ့ အခါမှာ ဒီလူတွေက ယခင်တုန်းက ဘယ်မှာနေခဲ့လဲ ဘာတွေ ပါဝင် ပတ်သက်မှုရှိလဲဆိုတာ ပေါ်လွင်မှာ အကြမ်းဖက်သမားဆိုရင် ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး” ဟု ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

ဧပြီလ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် ခရီးစဉ်သည် နေရပ်စွန့်ခွာသူများကို အမြန်ဆုံးပြန်လည် လက်ခံ ရေး အတွက် လိုအပ်သည့် နှောင့်နှေးကြန့်ကြာမှုများ အခက်အခဲများကို ကျော်လွှားနိုင်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း ခရီးစဉ် အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လည်လက်ခံရာတွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးကြောင်း ခိုင်မာသည့် အထောက်အထား ရှိသည့် မည်သူကိုမဆို လက်ခံမည်ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ဘယ်သူရယ် ဘယ်ဝါရယ်လို့ ဆိုပြီး လက်ခံတာ မဟုတ်ပါဘူး။ ပုံစံမှာ သူကြိုက်တာကို သူဖြည့် ကျနော်တို့က ဘာ သဘော တူညီထားလဲဆိုတော့ ဒီနိုင်ငံမှာ နေခဲ့ဖူးတဲ့ လူဖြစ်ရမယ်။ ဒီနိုင်ငံသူ နိုင်ငံသား ဖြစ်စရာမလိုဘူး။ ဒီနိုင်ငံမှာ နေခဲ့ဖူးတဲ့ အထောက်အထား ရှိတယ်ဆိုရင် အဲဒီလူကို လက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ဘင်္ဂါလီလို့ ခေါ်တာ၊ ရိုဟင်ဂျာလို့ ခေါ်တာ စိတ်ဝမ်းကွဲစရာ မလိုပါဘူး။ ကျနော်တို့ လက်ခံမှာ ရခိုင်ပြည်နယ်မှာ နေခဲ့ဖူးတဲ့ မွတ်စလင် လူ့ အဖွဲ့အစည်းကိုပါ”ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၇ သြဂုတ်လမှ စတင်ပြီး နယ်စပ် ဖြတ်ကျော် ထွက်ပြေးလာခဲ့သည့် ရခိုင် ပြည်နယ်က ဒုက္ခသည်ပေါင်း ၆ သိန်းကျော်ကို ပြန်လည်ပို့ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများကြား ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းကတည်းက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ဇန်နဝါရီလ ကတည်းက လက်ခံရန် အဆင် သင့်ဖြစ်နေကြောင်း ထုတ်ဖော် ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading