မူးယစ်ဆေးဝါးအပေါ် တင်းကျပ်သည့် ဥပဒေများ ချမှတ်ထားသည့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးကုသရာတွင် တရားဝင် အသုံးပြုရန် စဉ်းစားနေကြောင်း သိရသည်။
သို့သော် ဆေးခြောက်သည် ဆေးဝါးအတွက်သာ တရားဝင်ဖြစ်ပြီး အပန်းဖြေရန်မဟုတ်ကြောင်း၊ ဆေး ခြောက်ကို တရားဝင်အောင် ပြုလုပ်ခြင်းကြောင့် စီးပွားရေးကြီးထွားလာပြီး ထိုင်းပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းဖြစ်လာနိုင်ကြောင်း ထိုင်း အမျိုးသား လွှတ်တော် ပြည်သူ့ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဂျက်ဆီရာသန်နွန်က ပြောသည်။
Grand View သုတေသနအဖွဲ့က ကမ္ဘာ့ဆေးဝါးသုံး ဆေးခြောက်ဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၅.၈ ဘီလျံအထိ တန်ကြေးရှိနိုင်ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးဆေးခြောက်ဖြင့် အမေရိကန်ဒေါ်လာ ဘီလျှံချီသည့် ဈေးကွက် တွင် ဝေစုကောင်းစွာရနိုင်သည်ဟုလည်း ဂျက်ဆီရာသန်နွန် ဆိုသည်။ ထိုင်းနိုင်ငံသည် ၁၉၈၀ ခုနှစ် များက ဆေးခြောက်အများဆုံး တင်ပို့သည့် နိုင်ငံတခုဖြစ်ခဲ့သည်။
ယခုလုပ်ဆောင်ချက်ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် ကြီးထွားလာနေသည့် ဆေးခြောက်စီးပွားရေး လုပ်ငန်းကို အသုံးချနိုင်မည်ဖြစ်ပြီး အဆစ်အမြစ်ရောင်ရောဂါ၊ ပြင်းထန်သောခေါင်းကိုက်ရောဂါနှင့် ကင်ဆာရောဂါရှင်များအတွက်လည်း အထောက်အကူပြုမည်ဖြစ်သည်။
အကယ်၍ ခွင့်ပြုခဲ့လျှင် ထိုင်းနိုင်ငံသည် သြစတြေးလျှ၊ ဂျာမဏီ၊ အစ္စရေး၊ ကနေဒါများကဲ့သို့ ဆေးခြောက်ကို ဆေးဝါးအတွက် တရားဝင်ခွင့်ပြုသည့် နိုင်ငံများတွင်ပါဝင်လာတော့မည်ဖြစ်သည်။
မကြာသေးမီက ကနေဒါနိုင်ငံသည် ဆေးခြောက်ကို အပန်းဖြေရာတွင် သုံးစွဲရန် တရားဝင်ခွင့်ပြုခဲ့ပြီး ယခင်က ဆေးခြောက်အနည်းငယ် ပိုင်ဆိုင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
လတ်တလောတွင် ဆေးဝါးလုပ်ငန်းသုံး ဆေးခြောက်ကို အမေရိကန် ပြည်နယ် ၃၁ ခုတွင် တရားဝင် ခွင့်ပြုထားပြီးသည်ဟု National Conference of State Legislatures ၏ အဆိုအရသိရသည်။
လက်ရှိတွင် ဆေးခြောက်သည် ထိုင်းနိုင်ငံတွင် တရားမဝင်ဖြစ်နေသေးပြီး ရောင်းဝယ်သူများ ကို ပြင်း ထန်သောပြစ်ဒဏ်များချမှတ်ကာ အိမ်နီးချင်း လာအိုနိုင်ငံမှ ထင်ရှားသော မူးယစ်ဆေးကုန် သည်တဦး ကို မတ်လက တသက်တကျွန်းပြစ်ဒဏ်ချခဲ့ရာ ကနဦးကသေဒဏ်ပင်ချခဲ့ပြီးမှ ပြန်လျှော့ ပေးခြင်းဖြစ် သည်။
ထိုင်းနိုင်ငံသည် ဒေသတွင်းတွင် ဆေးခြောက်ပြုပြင်ပြောင်းလဲရေးလုပ်နေသည့် တခုတည်း သောနိုင်ငံ မဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံကလည်း အလားတူလုပ်ဆောင်နေရာ တောင်ကိုရီးယားသည် ဆေး ခြောက် တင်သွင်းခြင်းကို တရားဝင်ခွင့်ပြုရန် မူးယစ်ဥပဒေကို စတင်ပြင်ဆင်နေပြီဖြစ်သည်။