အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကြား အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်၊ ၁၈ ရက်များတွင် တွေ့ဆုံမည်ဖြစ်ပြီး ရပ်တန့်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရန်အတွက် နှစ်ဘက်ညှိနှိုင်းဖြစ်ဖွယ် ရှိကြောင်း နှစ်ဘက် သတင်းရင်းမြစ်များက ပြောဆိုကြ သည်။
KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် က“ဆွေးနွေးစရာတွေလည်း ရှိပါတယ်။ ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။ သို့သော် ကျနော် တို့က မတွေ့ခင်မှာကတော့ ဘာရယ်လို့တော့ ထုတ်ပြောလို့ မရသေးဘူး”ဟု ဧရာဝတီကို ပြောသည်။
နှစ်ဘက်တွေ့ဆုံမှုတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် အဖွဲ့ဝင် ဦးအောင်စိုး၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေတို့ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဦးအောင်စိုး က“ခရီးစဉ်မှာ ကျနော်လည်း ပါပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကျနော်လည်း မသိရသေးပါဘူး”ဟု ဧရာဝတီကို ပြောသည်။
တွေ့ဆုံဆွေးနွေးမှုကို တဖွဲ့ချင်း သီးခြားပြုလုပ်မည် ဖြစ်ကြောင်း သိရပြီး အပစ်မရပ်ရသေးသော KIO၊ KNPP တို့နှင့် တွေ့ဆုံ ရာတွင်လည်း ရပ်တန့်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်ရှေ့ဆက်နိုင်ရေး အတွက် ညှိနှိုင်းမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
KNU နှင့် RCSS/SSA တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆို ထား သည့် အဖွဲ့ ၁၀ ဖွဲ့အနက် အင်အားကြီး အဖွဲ့များ ဖြစ်ကြသည်။
ပြည်ထောင်စ ုအင်စတီကျူ့ (PI) အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခွန်ဆိုင်း က“အခုက တစ်ဆို့နေတဲ့ အခြေအနေ ဖြစ်နေတာကိုး။ အောက်တိုဘာ ၁၅-၁၆ ဆွေးနွေးပွဲက အဆင်ပြေသွားမယ် ထင်ခဲ့တာ၊ ပိုပြီးတော့ တစ်ဆို့သွားတာ။ ဒါတွေ ကို ဘယ်လို ကျော်လွှားမလဲ ဆိုတာကို လာပြီးတော့မှ နည်းလမ်း လာရှာတာပေါ့”ဟု ပြောသည်။
ယခုနှစ် အောက်တိုဘာလ ၁၅-၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ“တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွား ခဲ့ရသည်။
အပစ်ရပ်အဖွဲ့များက အစိုးရ၊ တပ်မတော် တို့နှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တွင် KNU က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး RCSS/SSA က ဒုဥက္ကဋ္ဌ တာဝန် ယူထားသည်။
သို့သော်လည်း PPST တွင် ဥက္ကဋ္ဌ တာဝန် ယူထားသည့် KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်း အဝေးများ တက်ရောက်ရန် ယာယီ ရပ်ဆိုင်းထားကြောင်း နိုဝင်ဘာ ၁၀ ရက်က သဘောထား ထုတ်ပြန်ထားသည့် အတွက် PSST အစည်းအဝေးများ ဆက်လက် မကျင်းပနိုင်ဘဲ ရပ်ဆိုင်းထားရသည်။
အလားတူ RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ အဆင့်ဆင့်၏ အစည်းအဝေးများနှင့် ပတ်သက်၍ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို မိမိတို့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးနှင့် လုပ်ငန်းကော်မတီ အဆင့်ဆင့် များ အစည်းအဝေး ပြုလုပ်ပြီးမှသာလျှင် ဆုံးဖြတ်သွားနိုင်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ကြေညာချက် ထုတ်ပြန် ထားသည်။
ဆက်စပ် ဖတ်ရှုရန်
- KNU ကြောင့် ငြိမ်းချမ်းရေးတွင် ရိုက်ခတ်မှု ရှိနေဟု NCA လက်မှတ်ထိုး အဖွဲ့များ ပြော
- ငြိမ်းချမ်းရေး တရားဝင်ဆွေးနွေးပွဲများ ပါဝင်မှု KNU ယာယီ ရပ်ဆိုင်း
- အာဏာမသိမ်းဖို့ ဘယ်လို အာမခံချက် ပေးမလဲ တပ်မတော် အပေါ် မေးခွန်းရှိနေတယ်