၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီတခု ဖွဲ့စည်းရန် ဆွေး နွေးရာတွင် ညှိနှိုင်း၍ မရသေးကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိ အဆောင်၌ ယနေ့ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပူးပေါင်းကော်မတီ ဖွဲ့စည်းရာတွင် လွှတ်တော်တွင်း ကိုယ်စားလှယ် ရရှိမှု ရာခိုင်နှုန်း အလိုက် အချိုးကျ ပါဝင်ရန် အဆိုပြုခဲ့သော်လည်း တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီတို့က ယင်းပုံစံကို သဘောမတူသဖြင့် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်သို့ ရွှေ့ဆိုင်းလိုက်ရ သည်။
ယင်းပွဲသို့ တက်ရောက်ခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် က“ဒီအနေအထား အရ ဆိုရင် ဆုံးဖြတ်ချက် မရှိဘူး။ ဆုံးဖြတ်ချက်က နောက် အစည်းအဝေး တကြိမ် ထပ်ကျင်းပမယ် ဆိုတာပဲ ရှိတယ်။ ဒီနေ့က တော့ တော်တော်များများ ငြင်းကြ ခုံကြတယ်။ အဖွဲ့ ဖွဲ့နိုင်ဖို့ ကိစ္စကိုပဲ တစ်နေသေးတယ်။ အချိန်ယူပြီးလုပ်မှ ဆောင် ရွက်လို့ ရနိုင်မယ့် နည်းလမ်းရှာပြီး ပြန်တွေ့ ကြမယ်”ဟု ပြောသည်။
အချိုးကျ ကိစ္စမှာ မျှတမှု မရှိလည်း အလုပ်တခုကို ဆုံးဖြတ်ရာတွင် အင်အား တူညီမှု ရှိရန် လိုအပ်ကြောင်း ယခု အချိုး အရ ၄၅ ဦးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူဦးရေ ၂၀ ခန့် ရရှိမည် ဖြစ်သော်လည်း ကြံ့ခိုင်ရေး အနေဖြင့် ၂ ဦးသာ ရရှိမည် ဖြစ် ကြောင်း၊ အခြား ပါတီများမှာလည်း ၂ ဦးထက် ပိုသည့် ကိုယ်စားလှယ် မရနိုင် ကြောင်း ကြံ့ခိုင်ရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
“ဂဏန်း သင်္ချာလို တွက်ရင် မှန်ပေမယ့် နိုင်ငံရေး အရ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဖွဲ့တဲ့ ကေ်ာမတီကြီး ဖြစ်တဲ့အတွက် မျှတဖို့ လိုတယ်။ အင်အားချင်း မျှတဖို့ လိုတယ်။ အဲဒီတော့ ၅ ယောက် ထားမလား၊ ၁၀ ယောက် ထားမလား။ ၁၀ ယောက် ကို စံထားရင် ၁၀ ယောက် ရှိတဲ့သူလည်း ၁၀ ယောက်ပဲ။ ၁၀ ယောက် မရှိရင်လည်း ၉ ယောက် ရှိတဲ့သူ ၉ ယောက် တက် ကျန်တဲ့သူ ရှိသလောက်တက်၊ ဒီမူ မကောင်းဘူးလားလို့ အကြံပြုတာပါ”ဟုလည်း ၎င်းက ဆိုသည်။
ယခုလို ဖွဲ့ပါက NLD အနေဖြင့် အပြစ်ပြောခံရမည် ဖြစ်သလို ယခုလို ဖွဲ့စည်းမှုကို တပ်မတော်ကလည်း သဘောမတူ ကြောင်း၊ တပ်မတော်က ယခု အဖွဲ့တွင် ပါဝင်မည်၊ မပါဝင်မည် ဆိုသည့် သဘောထား တိတိကျကျ မသိရသေး ကြောင်း ဦးသောင်းအေး က ပြောသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ယခုလို ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်သည့်ကိစ္စကို နောက်ကြောင်းပြန် မရကြောင်း၊ ထို့ကြောင့် လွှတ်တော် တွင်းရှိ ကိုယ်စားပြု နိုင်ငံရေး ပါတီ ၁၄ ခု၊ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့တို့ဖြင့် ပွင့်ပွင့် လင်းလင်း ညှိနှိုင်း တိုင်ပင် လျက်ရှိကြောင်း သတင်းထောက်များကို ပြောသည်။
“အချိန်ကာလ အားဖြင့်လည်း အများကြီး ကြာမှာ မဟုတ်ပါဘူး။ ဒီကော်မတီ ဘယ်လို ပေါ်ပေါက်လာမလဲ။ ဘယ်လို ဖွဲ့စည်းမလဲ ဆိုတာကို လွှတ်တော်ကိုလည်း အချိန်နဲ့ တပြေးညီ အသိပေးသွားမှာပါ။ အမြင်တွေ ပြန်ဖလှယ်ရဦးမယ်။ ပြန်တွေ့ရဦးမယ်”ဟု ၎င်းက ဆိုသည်။
လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးလာမာလေး ကလည်း“ပူးပေါင်း အဖွဲ့ ဖွဲ့တဲ့ နေရာမှာ အချိုးကျ ဆိုတဲ့ဟာ ကို နည်းနည်းလေး ဆွေးနွေးတာ အဆင်မပြေတော့ နောက်တပတ် ပြန်ချိန်းထားတယ်။ ကျနော်တို့ကျတော့ ပါတီငယ် လေးတွေဆိုတော့ ဘာမှပြောစရာ မရှိပါဘူး။ လွှတ်တော်ထဲမှာ တယောက်တည်း နိုင်တဲ့ ပါတီကလည်း တယောက် ဝင်ခွင့် ရှိတယ်။ ဒါပေမယ့် ရခိုင်တို့၊ ရှမ်းတို့မှာ သူတို့က အဲဒီ အချိုးကျ ဆိုတဲ့ နေရာမှာ ကျေနပ်ချက် သိပ်မရှိဘူးပေါ့” ဟု ပြောသည်။
ယခု အဖွဲ့သည် ဆုံးဖြတ်ချက် ချနိုင်သည့် အဖွဲ့မျိုး မဟုတ်ဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဥပဒေကြမ်း ပေါ်ပေါက်လာရေး ဆောင်ရွက်ရမည့် အလုပ်အဖွဲ့ တခုသာ ဖြစ်၍ မည်သည့် ပုံစံမျိုးဖြင့် ဖွဲ့စည်းသည် ဖြစ်စေ ပြဿနာ မရှိကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြော သည်။
“ကျနော်တို့ အနေနဲ့က သိပ်တော့ ပြဿနာ မရှိပေမယ့် တချို့ ကျတော့လည်း ကိုတာ (Quota) ပိုလိုချင်တယ်။ တချို့ ကျတော့ လည်း Level တူ ဘယ်နှစ်ယောက်စီပါ ဆိုပြီး ဆွေးနွေးတာလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လွှတ်တော် ထဲမှာ ပါဝင်ခွင့် ရှိတဲ့ အချိုးအစား အတိုင်း ပါတီ အလိုက် တပ်မတော်ဆိုလည်း သူ့အချိုးအစား အလိုက် ပါတာက သင့်လျော်တယ်”ဟု ၎င်းက ဆိုသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ်ကို ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ် ၂၂ ဦး၊ အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်၂၂ ဦး၊ ဥက္ကဋ္ဌ တဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းလိုကြောင်း၊ ပထမ အကြိမ် လွှတ်တော် သက်တမ်းက ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် လူဦးရေ ၁၀၉ ဦး အထိ ပါဝင်ခဲ့ သဖြင့် ကြန့်ကြာမှုများ ရှိခဲ့သည့် အတွေ့ အကြုံများကို အခြေခံ၍ ယခု တကြိမ်တွင် ကျစ်ကျစ်လျစ်လျစ်ဖြင့် ဖွဲ့စည်းရခြင်းဟု ဦးတီခွန်မြတ်က အစပိုင်းတွင် ရှင်းပြ ထားသည်။
ပထမ အကြိမ် လွှတ်တော် သက်တမ်းက ဖွဲ့စည်းခဲ့သည့် ပြင်ဆင်ရေး ကေ်ာမတီတွင် ၁၀၉ ဦး ပါဝင်ရာ NLD ပါတီမှ ကိုယ်စားလှယ် ၂ ဦးသာ ရရှိခဲ့သော်လည်း ကန့်ကွက်သည်ဟု မကြားမိခဲ့ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
“အဲဒီထဲမှာ တယောက်ပါပါ၂ ယောက် ပါပါ သိပ်အရေးမကြီးဘူး။ အဲဒီ ကော်မတီ ဆုံးဖြတ်ချက်နဲ့ အများဆုံးဖြတ်ချက် နဲ့ လုပ်လုပ် တပ်မတော်က ကန့်ကွက်လည်း အလကားပဲ။ တပ်မတော်ဘက်က သဘောတူတဲ့ ဥပဒေကြမ်းမျိုးကိုပဲ တင်မယ် ဆိုရင်တော့ သူတို့ ကော်မတီက ထွက်လာတဲ့ ဥပဒေကြမ်းက စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်” ဟု ဦးရဲ ထွန်း က ပြောဆိုသည်။
ယနေ့ ပူးပေါင်း ကော်မတီ အစည်းအဝေးသို့ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသား ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွှတ်ရေး ပါတီ၊ မွန် အမျိုးသားပါတီ၊ အမျိုး သား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေ စီပါတီနှင့် လီဆူ အမျိုးသား ဖွံဖြိုး တိုးတက်ရေး ပါတီတို့ တက်ရောက်ခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်း ကော်မတီ တခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဖေဖော်ဝါရီလ ၈ ရက်က မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရေအတွက် ဒုတိယ အများဆုံး ရရှိထား သည့် အဖွဲ့အစည်း ဖြစ်သည်။
ယနေ့ အစည်းအဝေးသို့ တပ်မတော်မှ ကိုယ်စားလှယ် ၂ ဦး၊ လေ့လာသူ ၂ ဦး စုစုပေါင်း ၄ ဦး တက်ရောက်ခဲ့ကြသည်။