ရခိုင်နိုင်ငံတော် ထူထောင်ရမည်ဆိုသည့် ကြေညာချက်တခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်အပေါ် အစိုးရက မေးမြန်း လာသဖြင့် ယင်းထုတ်ပြန်ချက်ကို ရက္ခိုင့် တပ်မတော် (AA) က ထုတ်ပြန်ခြင်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်ဟု AA တာဝန်ရှိသူ တဦးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“ရခိုင်နိုင်ငံ ထူထောင်ရေး ဘယ်နေ့၊ ဘယ်ရက်မှာ ရခိုင်တွေအားလုံးစုပြီး ရခိုင် နိုင်ငံတော်ဆိုတဲ့ အနေအထားနဲ့ ရပ်တည် မယ် ဆိုတဲ့ အနေအထားမျိုး၊ စာအရေးအသားပါတဲ့ ထုတ်ပြန်ချက်တစောင်၊ အဲ့ဒါ ကျနော်တို့ဘက်က ထုတ်တာ မဟုတ် ဘူး လို့ ပြောခဲ့တယ်”ဟု AA အဖွဲ့၏ အရှေ့ဘက် စစ်ဒေသ တာဝန်ခံ ဗိုလ်မှူးကြီး ကျော်ဟန်က ပြောပြ သည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် AA အပါအဝင် အပစ်မရပ် ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင် အစိုးရ ဘက် မှ တရားဝင် မေးမြန်းလာခြင်းကို မဟုတ်ကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။
သို့သော် AA အဖွဲ့ ရခိုင်ပြည်နယ်တွင် တည်ရှိမှုကို တပ်မတော်မှ လက်မခံသည့် သဘောမျိုး တွေ့ရသဖြင့် ရခိုင် ပြည်နယ် တွင် AA တည်ရှိရေးသည် ၎င်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုချင်ပါက အမှန်တရားကို လက်ခံရန် လိုကြောင်း AA တာဝန်ရှိသူက ပြောသည်။
ဗိုလ်မှူးကြီး ကျော်ဟန်က“ရခိုင်ပြည်သူကို ရက္ခိုင့်တပ်မတော်ကပဲ လုံခြုံ၊ အေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာ ဖြစ်တယ်လို့ ခံယူထားတဲ့အတွက် လုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ရခိုင်ပြည်နယ်မှာ တာဝန်ယူနေပြီ ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။
AA အဖွဲ့ အနေဖြင့် အစိုးရကို လက်နက်ကိုင် တော်လှန်နေမည့်အစား နိုင်ငံရေး ဆွေးနွေးပွဲကို လာရောက်ရန် ဖိတ်ခေါ် လိုက်ပြီး ရခိုင်ပြည်နယ် ကဲ့သို့သော အဖြူရောင် နယ်မြေတွင် လက်နက်ကိုင် အခြေချရန် ကြိုးပမ်းမှုသည် လုံခြုံရေး အရ စိန်ခေါ်မှု ဖြစ်သဖြင့် ထိုက်သင့်သည့် တုံ့ပြန်မှုများ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု အစိုးရ ကိုယ်စားလှယ် ဒေါက်တာ တင်မျိုးဝင်းက ယနေ့ အစည်းအဝေးတွင် ပြောသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော် တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေး ရှောင် ၁ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က AA အဖွဲ့သည် ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် အတွင်းက ရဲကင်းစခန်း ၄ ခု ကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့သည် NCA လက်မှတ် ရေးထိုးပါမည်ဟု ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ရဲစခန်းများကို ဝင်တိုက်ခဲ့၍ အစိုးရက သောင်းကျန်းသူ နှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲမည်ဟု တုံ့ပြန်ခဲ့ပြီး AA အနေဖြင့် NCA လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းကို ကတိကဝတ် သို့မဟုတ် ၂ ဖက် အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် လိုကြောင်း အစိုးရဘက် က ထုတ်ပြန် ပြောဆိုခဲ့သည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“အဓိက ဖြစ်နေတာက ဒေသခံပြည်သူတွေ အတိဒုက္ခ ရောက်စေတဲ့ ပြဿနာ။ ဥပမာ – မြောက်ဦးတို့ ဘာတို့ဆိုရင် တကယ့် ကမ္ဘာလှည့် ခရီးသည်တွေ လွတ်လွတ်လပ်လပ် သွားလာခဲ့တဲ့ နေရာတွေ၊ ဒီနေရာတွေမှာ တိုက်ပွဲက ကျယ်ပြန့်လာတဲ့သဘော ဖြစ်တော့ ဒီအပေါ်မှာလည်း အစိုးရကတော့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်တွင် မတ်လ ၁၅ ရက်နေ့က ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီး ကျည်များ ကျရောက်သဖြင့် ရှေးဟောင်း အမွေအနှစ် ဘုရားတချို့ ထိခိုက်ပျက်စီးသွားခဲ့ရပြီး တပ်မတော်နှင့် AA ၂ ဖက်စလုံးက ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုကြသည်။
“မြောက်ဦးမြို့ထဲမှာ ကျနော်တို့ တိုက်ပွဲဖော်တာ မရှိဘူးဆိုတာကို အတိအလင်း ပြောခဲ့တယ်။ ဒါကျနော်တု့ိ တိုက်ပွဲ ဖော် ခြင်း မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တာကတော့ တားမြစ်ပေးဖို့၊ နောက်နောင် ဒီလိုမဖြစ်ပါစေနဲ့လို့ ကျနော်တို့ကတော့ ဒီလိုတင်ပြခဲ့ပါတယ်”ဟု ယနေ့ အစည်းအဝေး အပြီးတွင် ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က ဒုတိယ သမ္မတ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်သည့် အစည်းအဝေး တခုတွင် ရခိုင်ပြည်နယ်ကို ကုန်းဘောင်ခေတ် ယဉ်ကျေးမှုနှင့် မအုပ်ချုပ်ရန် ပြောဆိုခဲ့ပြီး ကုန်းဘောင် ခေတ် ဆိုသည်မှာ ရခိုင်နှင့် မွန်များ စစ်ရှုံးသည့်ခေတ်၊ ဗမာများ စစ်နိုင်သည့်ခေတ် ဖြစ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း ရခိုင် အမျိုးသား ပါတီမှ ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
“ရခိုင် အကုန်လုံးရဲ့ ရင်ထဲမှာ AA ရှိတယ်။ ဒါကတော့ သေချာတယ်။ နှစ်ပေါင်း ၇၀ လွတ်လပ်ရေး ရကတည်းက ဖိနှိပ် ခံခဲ့ရတယ်။ ကျနော်တို့အားလုံး တန်းတူရည်တူ ရှိတယ်ဆိုတာကို ဥပဒေနဲ့ အသိအမှတ်ပြုဖို့ လိုတယ်။ အဲဒီလို အသိ အမှတ်ပြုခွင့် လိုချင်လို့ နိုင်ငံရေးပါတီ ထောင်ပြီးတော့ လွှတ်တော်ထဲမှာ တိုက်ပွဲဝင်နေတယ် ဆိုတာကို ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပါတဲ့ အစည်းအဝေးမှာ ပြောခဲ့တယ်”ဟု ဦးဘရှိန်က ပြောဆိုသည်။
AA အဖွဲ့သည် ရခိုင် တိုင်းရင်းသားတချို့ စုပေါင်းပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေတွင် အခြေစိုက် ကာ ၂၀၀၉ ခုနှစ်တွင် စတင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အရေးအခင်း ဖြစ်ပွားမှု အပြီးတွင် AA အဖွဲ့သည် လူထု ထောက်ခံမှု ပိုမိုရရှိလာကြောင်း၊ ၂၀၁၅ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် စတင်လှုပ်ရှား လာခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ် ပလက်ဝမြို့နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
AA ၏ ခေါင်းဆောင်သည် ခေတ်ပညာတတ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဆိုသူ ဖြစ်ပြီး လက်ရှိ AA အဖွဲ့တွင် အင်အား ၁ သောင်းကျော် ရှိမည်ဟု ခန့်မှန်းထားကြသည်။
ယနေ့ ဆွေးနွေးပွဲသို့ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန် တရားနှင့် တရားမျှတသော အမျိုးသား ပါတီ (MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ တက်ရောက် ခဲ့ကြသည်။