ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ်တွင် တပ်မတော်သား ၂ ဦးက ပစ်ခတ်၍ ၇ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိ သွားခဲ့ခြင်းကြောင့် ထိုသူများ အတွက် တဦးလျှင် ကျပ်သိန်း ၁၀၀ စီ နိုင်ငံတော်က ထောက်ပံ့ ပေးစေလိုကြောင်း မိသားစု ဝင်များက တောင်းဆိုလိုက်သည်။
ကြာအင်း ဆိပ်ကြီး မြို့နယ် အနန်းကွင်း ကျေးရွာရှိ ကမ္ဘာရှား ကားဝပ်ရှော့မှ မိသားစုဝင် ၈ ဦးအား တပ်မတော်သား ၂ ဦးက ဧပြီ ၅ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် သေနတ်နှင့် ပစ်ခတ်ခဲ့သည့် အတွက် ၇ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ် သည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ဧပြီ ၁၁ ရက်က ရန်ကုန်မြို့ အိုလံပစ် တာဝါရှိ Myanmar Press Freedom Center ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် သေဆုံးသူများ၏ မိသားစုဝင်များက သဘောထား ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။
ပစ်ခတ်ခံခဲ့ရသူများ၏ ဖခင်ဖြစ်သူ ဦးသန်းရွှေက“သူတို့ကတော့ ကျနော်တို့ကို သိန်း ၅၀ လောက် ပေးမယ်ပေါ့နော်။ ကျနော် ကတော့ ပြောတယ်၊ တယောက်ကို သိန်း ၁၀၀ လောက် နိုင်ငံတော်က ပံ့ပိုးပေးတာ ကျနော်တို့ လိုချင်တယ်လို့ ပြောလိုက် တယ်။ ဘာလို့ဆို အသက်ရှင်လျက် ဆေးရုံကပြန်လာမယ့် ချွေးမလည်း ရှိသေးတယ်။ နောက်ပြီး ကျန်ခဲ့တဲ့ ကလေး တွေကို လည်း ကျနော် စောင့်ရှောက်ရတော့မယ်။ ကျနော်ကိုယ်တိုင် သေသွားတဲ့ သား ၃ ယောက်ကို မှီခိုနေရတာ ကျနော်တို့ ဘယ်လို နေရမလဲ”ဟု ပြောသည်။
သေဆုံး သွားသူများမှာ ဦးမျိုးနောင်၊ ဦးစောနောင်၊ ဦးစိုးနောင်၊ ဒေါ်မိရှမ်း(ဦးစောနောင် ဇနီး)၊ မောင်အနက်(ခ) ကောင်းခန့် (ဦးစောနောင်၏ သား – ၉ နှစ်)၊ မဝါချီဒါး (ခ) ဖြူဇင်မော် (ဦးစောနောင်၏ သမီး- ၃ နှစ်)၊ မရွှန်းသဒ္ဒါမောင် (ခ) မလို့ကာ ရား(ဦးမျိုးနောင်၏ သမီး- ၁ နှစ် ၂ လ)တို့ ဖြစ်ပြီး ဒေါ်မိပို(ခ) တင်ဇာလွင်မှာ ဝဲဘက်နံစောင်း၌ လက်နက်ငယ် ကျည် ဖောက်ဝင် ဒဏ်ရာ ရရှိသွားခဲ့ပြီး မော်လမြိုင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များက ပြောပြသည်။
သေဆုံးသွားသူများနှင့် ညီအစ်ကိုတော်စပ်သူ ကိုသန်းနောင်က“ကျနော်နဲ့ ကျနော့်ဇနီး သေနတ်သံကြားတော့ လန့်နိုး သွား တယ်။ အဲဒါနဲ့ ကျနော့် မိန်းမကို အိမ်အောက် ဆင်းခိုင်း လိုက်ပြီး သွားကြည့်တော့ ကျနော့်သား ၂ ယောက်က ကျနော့် အိမ် ပြေးလာတယ်။ အဘ အဘတဲ့ ဦးငယ် မျိုးနောင်ကို သေနတ်နဲ့ ပစ်လိုက်ပြီတဲ့၊ ဘယ်သူတွေလဲ သားဆိုတော့ မသိဘူးတဲ့”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဧပြီ ၈ ရက်တွင် အဆိုပါ ဖြစ်စဉ်အား သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်မှာ ဆိုင်ကယ် ငှားရမ်းရာမှ အချင်းများကာ ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်ခဲ့သော တပ်သား မြင့်ဝေနှင့် တပ်သား ငြိမ်းချမ်းတို့အား ဖမ်းဆီးရမိ ထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကျူးလွန်သူ စစ်သည် ၂ ဦးအား လက်နက်ဖြင့် ခွင့်မဲ့ ပျက်ကွက်မှု၊ အရက်သေစာ သောက်စား မူးယစ်မှု စသည့် စည်းကမ်း ဖောက်ဖျက်မှုတို့ အတွက် စစ်တရားရုံး၌ ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေး အရေးယူ အပြစ် ပေးသွားမည် ဖြစ်ကြောင်း၊ လူ ၇ ဦးအား သတ်မှုနှင့် လူ ၁ ဦးအား အပြင်းအထန် ဒဏ်ရာ ရရှိစေမှုတို့အား အရေးယူနိုင်ရန် အတွက် တပ်မတော် အက် ဥပဒေပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးသို့ လွှဲပြောင်း စစ်ဆေး စီရင်စေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သေဆုံး သွားသူများ၏ဖခင်ဖြစ်သူ ဦးသန်းရွှေ ကတော့ မိမိတို့ အနေဖြင့် နိုင်ငံတော်ကနေ ထောက်ပံ့မှုအဖြစ် တဦးလျှင် သိန်း ၁၀၀ စီ ထောက်ပံ့ ပေးစေလိုကြောင်းနှင့် အမှု ရင်ဆိုင်ရန် အတွက်လည်း ငွေကြေး မတတ်နိုင်ကြောင်း ပြောသည်။
၎င်းက ဆက်လက်၍“ရဲက ကျနော့်ကို မေးတယ်။ တရားစွဲမလား ဆိုတော့ ငါမဆွဲလည်း မင်းတို့ဘာသာ မင်းတို့လုပ်မှာပဲ ဘာပြောစရာ ရှိလဲ၊ အဘတို့ ဘာ ဒုက္ခရောက်မလဲ ဆိုရင် ဒီ ၂ ယောက် ထောင်ကျရေး မကျရေးဟာ အဘတို့ အတွက် အဓိက မဟုတ်ဘူး။ အဲဒါ စစ်ဆေးပြီ ဆိုရင် အဘတို့ သက်သေ သွားရတော့မယ်။ ကိုယ့်ကလေးတွေ သွားရမယ်၊ ကိုယ့် ထမင်း ကိုယ် စားပြီး သွားရတော့မယ်၊ ကိုယ့်ကလေးလည်း သေတယ်၊ အဲဒီတော့ အဘတို့ မသွားတော့ဘူး။ အဲဒါဆိုလည်း ဒါတွေက သက်သေ မခိုင်လုံလို့ လွှတ်ပေးလိုက်ဦးမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။