ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ နေရပ်ရင်းပြန်နိုင်ရေးအတွက် အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ပူးပေါင်း လုပ်ဆောင်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် KHCC တို့ နေပြည်တော်ရှိ NRPC ရုံးတွင် ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ယင်းတို့ သဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။
KHCC ၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆပ်ဆွန်က “အများကြီး အောင်မြင်တယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ၈ နှစ်တာကာလ ဒုက္ခရောက်နေတဲ့ ကျနော်တို့ရဲ့ IDP ပြည်သူ လူထုများ မိမိနေရပ်ပြန်ရေးအတွက် လာရောက်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ ဘက်ကလည်း ဒါကို လိုလိုလားလားနဲ့ ကျနော်တို့ ညှိနှိုင်းတဲ့ အချိန်မှာ အချက် ၅ ချက်ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ယင်းကဲ့သို့ သဘောတူညီမှုရခဲ့သည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို မကြာမီကာလအတွင်း စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် NRPC ၏ ကူညီမှုက အရေးကြီးကြောင်း ဆရာတော်က ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်ပို့ရေးနှင့် ပြန်လည်နေရာချထားရေး၊ စခန်းပိတ်သိမ်းရေးတို့အတွက် တိုက်ပွဲများ မဖြစ်ပွားရေးက အဓိက အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့အတွက် ဧပြီလ ၃၀ ရက်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် နှစ်ဘက်သဘောတူ အပစ်ရပ် စာချုပ် ချုပ်နိုင်ရေးကို ဦးတည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။
ဦးဇော်ဌေး က “ကျနော်တို့က ယုံကြည်မှု တည်ဆောက်ရေး အတွက် အဆင့် နှစ်ဆင့်၊ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် တပ်မတော်နဲ့လည်း အဓိက ညှိရမှာဖြစ်တယ်။ အဲ့ဒါပြီးရင် တချိန်တည်းမှာပဲ ကျနော်တို့ နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်ရေး လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောသည်။
စစ်ဘေးရှောင် ပြည်သူများသည် KIA ထိန်းချုပ်နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း လူဦးရေ ၆ သောင်းခန့် ရှိနေသည့်အတွက် KHCC အနေဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်ရေး KIA နှင့် ဆက်လက် ညှိနှိုင်းရဦးမည် ဖြစ်ကြောင်း ဒေါက်တာ ခလမ်ဆပ်ခွန်က ပြောသည်။
ထို့အတွက် ဧပြီ ၃၀ ရက်၌ ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဆွေးနွေးမည့် အစိုးရနှင့် KIO ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ အကြား ပဏာမ အပစ်ရပ်စာချုပ် Bilateral ရေးထိုးနိုင်ရန် တွေ့ဆုံမှုသည် အရေးပါကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင် ကချင်ပြည်သူများ နေရပ်ပြန်ရေးတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအချို့နှင့် တိုက်ပွဲအတွင်းကျန်ရစ်သော မိုင်းများက အခက်အခဲ အဟန့်အတား ဖြစ်နေကြောင်း၊ မိုင်းအတွက်မူ လက်ရှိတွင် KIA နှင့် တပ်မတော်တို့က ပူးပေါင်းရှာဖွေနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် တိုက်ပွဲမဖြစ်ပွားတော့သော ဒေသများရှိ၍ ယင်းနေရာများသို့ စစ်ဘေးရှောင်များကို ပြန်ပို့နိုင်ရန် မေလအတွင်း အစည်းအဝေးပြုလုပ်ကာ ဆက်လက်ဆောင်ရွက်မည်ဟု ပြောသည်။
ယခုတွေ့ဆုံမှု ရလဒ်အဖြစ် စစ်ဘေးရှောင်များ ဘေးကင်စွာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး အတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု မူဝါဒ၊ စံချိန်စံညွှွန်းများကို အခြေခံသော NRPC ၏ မူဝါဒများနှင့် အညီ KHCC က ပူးပေါင်းဆောင်ရွက်ရန်၊ ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အစိုးရဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေရေး ကူညီဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှုရလဒ်အဖြစ် သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ဘေးရှောင်များ၏ စားဝတ်နေရေး၊ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေး၊ မူလ လုပ်ငန်းများ ပြန်လုပ်နိုင်ရေး KHCC က ချိတ်ဆက်ပံ့ပိုးရန်၊ နေရပ်ပြန်ပို့ရေးရန် သင့်တော်သော စခန်းများကို ရွှေးချယ်ရေး၊ ရှေ့ပြေးအစီအစဉ်များကို ညှိနှိုင်းလုပ်ဆောင်ရန်၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် KIO/KIA နှင့် ညှိနှိုင်းရန် လိုအပ်သည့်နေရာများတွင် KHCC က တာဝန်ယူ ဆောင်ရွက်ရန် တို့ကို သဘောတူညီခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပြည်နယ်တွင်းနှင့် နယ်စပ်တလျှောက်တွင် စစ်ဘေးရှောင် ၁ သိန်းခန့် ရှိနေကြောင်း KHCC မှ သိရသည်။