မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြေယာ အငြင်းပွားမှုများနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဒေသခံများက တိုင်ကြားစာ ပေးပို့ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားစာကို မေလ ၁၇ ရက်က ကျောက်ဆည် ခရိုင် စဉ့်ကိုင် မြို့နယ် ဘယ်လင်း ကျေးရွာရှိ သဘာဝ ဓာတ်ငွေ့ သုံး ဘယ်လင်း ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ခရီးစဉ်အတွင်း အောင်သပြေနှင့် သရက်ကိုင်း ကျေးရွာမှ တောင်သူများက တိုင်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သရက်ကိုင်း ကျေးရွာမှ မြေသိမ်းခံ တောင်သူ ဦးမင်းမင်းက“တိုင်ရခြင်းအကြောင်းအရင်း ကတော့ မန္တလေးတိုင်းမှာ ဖြစ်ပေါ် နေတဲ့ မြေယာ ပြဿနာတွေကို ရှင်းလင်းပေးခြင်း မရှိတဲ့အပြင် တပ်သိမ်းမြေတွေကို ပြန်လည် စွန့်လွှတ်ပေး ခြင်း မရှိတာ၊ မြေယာ မူဝါဒတွေနဲ့ ကိုက်ညီခြင်း မရှိတာတွေကြောင့် တိုင်ကြားရခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ ကျနော် တို့ရဲ့ မြေယာတွေ ပြန်လည် ရရှိဖို့ပါပဲ”ဟု ပြောသည်။
အဆိုပါ တိုင်ကြားစာများတွင် လတ်တလော ဖြစ်ပေါ်နေသော မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် ဒဟတ်တော ကျေးရွာ အုပ်စု အောင်သပြေ ကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ကိစ္စလည်း ပါဝင်သည်ဟု ဆိုသည်။
သရက်ကိုင်းနှင့် အောင်သပြေ ကျေးရွာပိုင် လယ်ယာမြေဧက ၃၆၀ ကျော်ကို ၁၉၉၃ ခုနှစ်က တပ်ပြင် လယ်ယာ ဖော်ထုတ် ရေး အတွက် သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်ကြားစာပေးပို့ရာတွင် ဦးဆောင်သူတဦးလည်း ဖြစ်သည့် ဦးမင်းမင်းက“ကျနော်တို့ သရက်ကိုင်းရယ်၊ အောင်သပြေ ရွာရယ် ဆိုတာ တဆက်တည်း ရှိနေတာပါ။ အခု လက်ရှိ အောင်သပြေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် သိရှိပြီး အမြန်ဆုံး ကူညီဖြေရှင်း ပေးနိုင်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုင်ကြားရတာပါ။ တိုင်ကြား စာတွေကို သမ္မတရုံးက တာဝန်ရှိသူများ လက်ထဲကို ကိုယ်တိုင် ထည့်ပေးခဲ့ပါတယ်”ဟု ပြောသည်။
နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ ခရီးစဉ်များ၌ တိုင်ကြားစာ လက်ခံဌာန ထားရှိပြီး ပြည်သူ များ တင်ပြလိုသည့် အခက်အခဲများကို လက်ခံလျက် ရှိရာ ယခု ခရီးစဉ်တွင်လည်း တိုင်ကြားစာ လက်ခံဌာနကို ဖွင့် လှစ်ခဲ့ရာ တိုင်ကြားစာ ၄၄ စောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
တိုင်ကြားစာ လက်ခံ ဌာနမှ စဉ့်ကိုင် မြို့နယ် ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက“တိုင်ကြားစာပေါင်း ၄၄ စောင် ရရှိ ခဲ့တယ်။ ဘာတွေ တိုင်ကြားတယ် ဆိုတာတော့ မသိရပါဘူး။ စာတွေက အိတ်ပိတ်ထားပြီး ကျနော်တို့က တိုင်ကြားသူ တွေ မှတ်တမ်းလောက်ပဲ ယူပြီး လက်ခံပေးရတာပါ။ ရောက်ရှိလာတဲ့ တိုင်ကြားစာတွေ အားလုံးကို အတိုင်ပင်ခံရုံးက အကုန် ယူသွားပါတယ်”ဟု ပြောပြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဆိုပါ ခရီးစဉ်တွင် လယ်ယာမြေ အသိမ်းအဆည်းခံ တောင်သူများက ဒေါ်အောင် ဆန်းစုကြည်အား ကြိုဆိုပါ၏ စသည့် ဆိုင်းဘုတ်များ ကိုင်၍ ကြိုဆိုခဲ့ကြသလို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဆုံးမ ပေးရန် အော်ဟစ်ခဲ့ကြရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး ဆိုင်းဘုတ်များ အား သိမ်းဆည်းခဲ့သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ တံခွန် တောင်သူ လယ်သမား သမဂ္ဂ အဖွဲ့ မန္တလေးတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးလင်းထင်စိုးက “တိုင်ကြားစာတွေကို အမေစု လက်ထဲကို တခါတည်း ရောက်စေချင်တာ။ ဒါကို လက်ထဲ မပေးရတဲ့အတွက် ကျနော် တို့ အနေနဲ့ အမေစု ကျန်းမာပါစေ။ ဆရာဇော်ကို ဆုံးမပေးပါ ဆိုပြီး အော်ဟစ်တဲ့ အချိန်မှာ နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကို အမေစု သိတော့ သမ္မတရုံးက ဦးဇော်ဌေးကို သူတို့ရဲ့ခေါင်းဆောင်နဲ့ သွားဆွေးနွေးပါဆိုပြီး ဖြေရှင်းဖို့ ခိုင်းတော့ သမ္မတရုံးက ဦးညီညီ ဆိုသူနဲ့ ကျနော်နဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်”ဟု ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်တွင် လာရောက် တိုင်ကြားမှုများ အနက် သိမ်းဆည်းခံ မြေယာကိစ္စများ၊ စီမံ ကိန်း မြေယာ ကိစ္စများ၊ မြေယာ အငြင်းပွားမှုများကို အများဆုံး တိုင်ကြားပေးပို့ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း၌ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ငါန်းဇွန်မြို့နယ်များတွင် မြေယာပြဿနာ အများဆုံး ဖြစ်ပေါ်နေ ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။
ဦးလင်းထင်စိုးက“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ကျနော်တို့ရဲ့တိုင်ကြားစာတွေကို လက်ခံရရှိခဲ့တာ ဖြစ်တဲ့ အတွက် အမြန်ဆုံး ဖြေရှင်းပေးမယ် လို့တော့ မျှော်လင့်မိပါတယ်။ နောက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ အောင် သပြေ ကျေးရွာကိစ္စကိုလည်း ထည့်သွင်းပြီး အသိပေး တိုင်ကြားခဲ့ပါတယ်”ဟု ဆက်လက် ပြောသည်။
အောင်သပြေ ကျေးရွာ အနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနှင့် ပတ်သက်၍ အောင်သပြေ ကျေးရွာမှ ရွာသူရွာသားများက မေလ ၁၄ ရက်မှ စတင်ကာ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေး အတွက် ကျေးရွာ အဝင်လမ်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ရာမှ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကာ ထိခိုက် ဒဏ်ရာရမှု များလည်း ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
မြန်မာ့ရုပ်ရှင် နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မြစ်ဆုံ စီမံကိန်း စာချုပ် ပြည်သူမသိဘဲ လက်မှတ် ထိုးခြင်းမျိုး မလုပ်ဟု သမ္မတရုံး ပြော
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြားချက်အပေါ် မန်းဝန်ကြီးချုပ် တုံ့ပြန်
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်