စင်ကာပူနှင့် မလေးရှားနိုင်ငံတွင် ဖျက်သိမ်းလိုက်သည့် ofo နှင့် o Bike အမှတ် တံဆိပ် စက်ဘီးအစီး ၁သောင်း ကို မြန်မာပရဟိတ အဖွဲ့ ဖြစ်သည့် Lesswalk မှနေ၍ လိုအပ်နေသည့် ကျောင်းသူကျောင်းသားများ အတွက် ဝယ်ယူပြီး ပေးအပ်သွားမည် ဖြစ်သည်။
Lesswalk အနေဖြင့် စက်ဘီးများကို ဝယ်ယူမွမ်းမံခြင်းနှင့် ပို့ဆောင်စရိတ်ပါ တွက်လျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃သိန်းခွဲနှင့် ၄သိန်းအကြား ရှိမည်ဟု ခန့်မှန်းထားသည်။
လက်ရှိတွင် စက်ဘီးအစီးရ ၃ထောင်ကျော် မြန်မာနိုင်ငံကို သင်္ဘောဖြင့် တင်ပို့ပြီးဖြစ်၍ ယခုလကုန်ပိုင်းတွင်လည်း ကျန်စက်ဘီးများ ထပ်မံရောက်ရှိမည် ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် အားလုံး ဖြန့်ဖြူးပြီးသား ဖြစ်မည်ဟု သိရသည်။
Lesswalk ကိုတည်ထောင်သူ ၃၃နှစ် အရွယ်ရှိ မိုက်ခ် သန်းထွန်းဝင်းသည် စက်ဘီးများကို လိုအပ်နေသည့် မြန်မာကျောင်း သားများထံ ထောက်ပံ့ရန် လွန်ခဲ့သည့် တနှစ်ခန့်ကတည်းက စိတ်ကူးခဲ့ပြီး၊ မတ်လကမူ စတင် အကောင်အထည် ဖော် ခြင်းဖြစ်ကြောင်း သူက စင်ကာပူ အခြေစိုက် The Straits times ကိုပြောသည်။
မိုက်ခ် သန်းထွန်းဝင်းမှာ စင်ကာပူတွင် ၁၈နှစ်ခန့် ကျောင်းသားတဦးအဖြစ် နေထိုင်ခဲ့သူဖြစ်သည်။
“မြန်မာနိုင်ငံက တချို့ကလေးတွေ ကျောင်းတက်ဖို့ တနာရီလောက် လမ်းလျှောက် ရတယ်ဗျာ။ သူတို့အများစုမှာ ကျောင်း ကား (ဒါမှမဟုတ်) လိုင်းကားတောင် မစီးကြရရှာပါဘူး။ ဒီလှုပ်ရှားမှုမှာ အင်မတန်ရိုးရှင်းတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ စက်ဘီး အသစ် တစီး ဝယ်ရုံတင်မဟုတ်ဘူး၊ စွန့်ပစ်ပစ္စည်းပြဿနာ ဖြေရှင်းရာလည်း ရောက်သလို လိုအပ်နေတဲ့ ကလေးတွေ အတွက် စက်ဘီးအသစ်တွေ ဈေးချိုချိုနဲ့ ဝယ်ပေးရာလည်း ရောက်တယ်ပေါ့” ဟု သူက ပြောသည်။
ofo နှင့် oBike ကဲ့သို့ စက်ဘီး ဖြန့်ချိရေး လုပ်ငန်းများသည် ယခုနှစ်အစောပိုင်းတွင် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံသူ များနှင့် အတူ လုပ်ငန်းရှင်အများအပြားမှာ ဘဏ္ဍာရေးအရှုံးပေါ်ခဲ့ရသည်။
၎င်းလုပ်ငန်းများ ပြိုလဲခဲ့ရသဖြင့် စက်ဘီးအစင်းရေအများအပြားမှာ သံတိုသံစအဟောင်းပုံတွင် စုပုံလာခဲ့ပြီး စက်ဘီး ရောင်းချ သူများမှာ ငွေပေါ်ရန် နည်းလမ်းရှာကြံရသည်။
ဦးသန်းထွန်းဝင်းက “ရောင်းမစွံတဲ့ စက်ဘီးပုံထဲ ကနေ တစီးကို ဒေါ်လာ ၁၀ ပေးရတယ်။ ဈေးနှုန်း အများကြီး မကျပါဘူး။ ဒါပေမယ့် ဒီစက်ဘီးတွေက ကျောင်းသားတွေအတွက် အဓိပ္ပါယ်ရှိစေတယ်။ သူတို့ ကျောင်းသွားရတဲ့ အချိန် ၈၀ ရာခိုင်နှုန်း သက်သာမယ်။ အများပြည်သူရဲ့ဂရုစိုက် နွေးထွေးမှုလည်း ခံစားရမယ်” ပြောသည်။
ကျေးလက်တောရွာများသို့ အဆိုပါစက်ဘီးများကို ဖြန့်ဖြူး ပို့ဆောင်ရန် ရွယ်ရည်ပြီး အသက် ၁၀ နှစ်မှ ၁၃ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများထဲမှ ကျောင်းနှင့် အိမ် ၂ ကီလိုမီတာ အကွာအဝေးသို့ နေ့စဉ် သွားလာနေရသူများအတွက် ပေးအပ်သွားမည်ဟု သိရသည်။
Lesswalk အဖွဲ့ အနေဖြင့် စက်ဘီးအားလုံးကို ပြန်မွမ်းမံထားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မွေးချင်း ညီအကို မောင်နှမများလည်း လိုက်ပါစီးနင်းနိုင်စေရန် ကယ်ရီယာ ထိုင်ခုံငယ် တပ်ဆင်ပေးမည်ဖြစ်ပြီး မူလရှိရင်းစွဲ သော့ အိမ်နေရာ တွင် ရိုးရိုးလက်လှည့်သော့အိမ်နှင့် သော့တံ အစားထိုး တပ်ဆင်ရန်လည်း ရှိသည်။
ယင်းစက်ဘီးများကို စင်ကာပူ Anywheel စက်ဘီးဖြန့်ချိရေးလုပ်ငန်းက ကြားခံလူအဖြစ် အကူအညီပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အလားတူ အဖွဲ့ကို တည်ထောင်သူ တဦးဖြစ်သည့် ဦးဌေးအောင်ကလည်း အဖွဲ့အနေဖြင့် ဧပြီလက Bok Seng ထောက်/ပို့ သိုလှောင်ရုံလုပ်ငန်းမှ ကျင်းပသည့်လေလံပွဲတွင် ofo အမှတ် တံဆိပ စက်ဘီးအစင်းရေ ၄ ထောင်ဝယ်ယူခဲ့ပြီး တချိန်တည်းမှာပင် မလေးရှားနိုင်ငံရှိ သိုလှောင်ရုံတခုထံမှ oBike အမှတ်တံဆိပ်စက်ဘီး အစင်းရေ ၆ ထောင်ဝယ်ယူခဲ့ ကြောင်း ပြောသည်။
You may also like these stories:
ဟိုတယ်တွင်း သုံးပြီး ဆပ်ပြာများ ပြန်လည် သန့်စင်၍ မိဘမဲ့ ကျောင်းများသို့ လှူမည်