အိန္ဒိယနှင့် မြန်မာတပ်မတော်တို့ နယ်စပ်တလျှောက် ပူးပေါင်း စစ်ဆင်ရေး လုပ်ဆောင်နေသည် ဆိုခြင်းမှာ မဟုတ် ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဆိုသည်။
အိန္ဒိယသတင်းများတွင် မဏိပူရ ပြည်နယ်၊ နာဂလန်း ပြည်နယ်၊ အာသံ ပြည်နယ်များနှင့် ထိစပ်နေ သည့် အိန္ဒိယ- မြန်မာ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသည့် ညီညွတ်သော အာသံပြည် လွတ် မြောက်ရေး တပ်ဦး(ULFA(I)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန်(NSCN-K) ဘိုဒိုလန်း အမျိုးသား ကာကွယ်ရေး တပ်ဦး(NDFB)၊ ကမ်တပူ လွတ်မြောက် ရေး အဖွဲ့အစည်း(KLO) စသည့် လက်နက်ကိုင် အဖွဲ့များ၏ စစ်စခန်းများကို အိန္ဒိယနှင့် မြန်မာ ပူးပေါင်း စစ်ဆင်ရေး လုပ် ဆောင်ကာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း “အိန္ဒိယနဲ့ မြန်မာ ပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်တာ မရှိဘူး။ အိန္ဒိယ ဘက်က မီဒီယာတွေက ရေး တာတွေတော့ ရှိတယ်။ သူ့နယ်မြေ ကိုယ့် လက်နက်ကိုင်တပ်၊ ကိုယ့်နယ် မြေ သူ့ လက်နက်ကိုင်တပ် ဝင်တာမျိုး အဲဒီလိုတော့ မရှိပါဘူး။ အချင်းချင်း ပေါင်းပြီးတော့ ဆောင် ရွက်တာတော့ ရှိတယ်။ ဖမ်းဆီး အရေးယူနေတာ ပူးပေါင်း အစည်းအဝေးတွေ ဆောင်ရွက်နေတာတော့ ရှိပါတယ်။ ဒါတွေကတော့ အိန္ဒိယ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တခြား အိမ်နီးချင်း နိုင်ငံ တွေနဲ့ လည်း ဒီလိုမျိုး ဆောင်ရွက်လေ့ ရှိပါတယ်” ဟု ပြောသည်။
အိန္ဒိယ သတင်းစာ India Express တွင်မူ အိန္ဒိယနှင့် မြန်မာ တပ်မတော်များ အကြား ပူးပေါင်း၍ Sunshine စစ် ဆင်ရေး(၁)ကို ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ဆောင်ရွက်ခဲ့သလို၊ စစ်ဆင်ရေး (၂)ကိုလည်း မေလ ၁၆ရက်နေ့မှ ဇွန် ၈ရက် အထိ အိန္ဒိယ-မြန်မာ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြောင်း၊ ထို စစ်ဆင်ရေးကြောင့် စစ်စခန်း ၈ ခု ဖျက်စီးနိုင်ခဲ့ သလို လက်နက်ကိုင် အဖွဲ့ဝင် ၈၀ ဝန်းကျင်အား ဖမ်းဆီးနိုင်ခဲ့သည် ဟု ဖော်ပြထားသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အဆိုအရ အိန္ဒိယ- မြန်မာနှစ်နိုင်ငံ အကြား ပုံမှန် အစည်း အဝေးများကို ယခုနှစ် ဖေဖေါ်ဝါရီလမှ စတင်ကာ ကျင်းပ လေ့ရှိသကဲ့သို့ လုံခြုံရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိ ရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “နယ်စပ် ဒေသမှာတော့ ဟိုဘက် လုံခြုံရေး အဖွဲ့တွေ အမြဲတမ်း ပုံမှန် တွေ့ဆုံပြီးတော့ လုံခြုံ ရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ခဲ့တာ ရှိပါတယ်။ လွန်ခဲ့တဲ့ ၄လ ၅ လ လောက်တုန်းက အိန္ဒိယထဲမှာ မြန်မာ နိုင်ငံဘက်ကနေ သင်တန်းဆင်းလာတယ် ဆိုပြီးတော့ သူတို့ အာသံ-ကသည်း အဖွဲ့တွေ မိတဲ့ဟာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လိုက်လံ မေးမြန်း စုံစမ်းတဲ့ အခါ မှာ NSCN-K အဖွဲ့ နယ်မြေ အတွင်းမှာ စခန်းချ နေတာတွေ ရှိတဲ့ အတွက် ကျနော် တို့ နယ်မြေ လုံခြုံရေး အရ ရှင်းလင်းပြီး၊ သတင်းလည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
NSCN-K နှင့် နီးစပ်သူ အမည်မဖော်လိုသူ တဦးကလည်း အိန္ဒိယ-မြန်မာ ပူးပေါင်း စစ်ဆင်ရေး လုပ်နေမှု မရှိကြောင်း၊ ပူး ပေါင်း၍ နယ်စပ် လုံခြုံရေး ဆောင်ရွက်မှုတော့ ရှိကြောင်း၊ သို့သော် နယ်စပ် ဖြတ်ကျော်ပြီး ဆောင်ရွက်မှုများကို မတွေ့ရ ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
အနောက်မြောက် တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ္ပလန် (NSCN-K)၏ ဗဟိုဌာနချုပ် တကား စခန်းတွင် အာသံနှင့် ကသည်း လူမျိုး အိန္ဒိယ သူပုန်များ ခိုအောင်း နေသည်ဟု ဆို ကာ ဝင်ရောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်ခဲ့သည်။
ထို့နောက် မေလ ၁၅ရက်နေ့တွင် ဖမ်းဆီးရမိထားသည့် အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသော မဏိပူရ ပြည်သူ့တပ် (MPA)၊ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ Kanglei Yawol Kanna Lup (KYKL)၊ People’s Liberate Army (PLA)၊ ကသည်း သူပုန် People’s Revolutionary Party of Kangleipak (PREPAK) စသည့် အဖွဲ့များမှ အဖွဲ့ဝင် ၂၄ ဦးကို မတရား အသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ခန္တီးခရိုင် တရားရုံးက ထောင်ဒဏ် ၂ နှစ် စီ အမိန့်ချမှတ်ခဲ့သည်။
အလားတူ NSCN-K မှ ထိပ်တန်း ခေါင်းဆောင် ၅ ဦးကိုလည်း ၂၀၁၉ ခုနှစ် မတ်လက ဖမ်းဆီး လိုက် ပြီး မတရား အသင်း အက် ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားရာ လာမည့် ဇွန် ၂၁ ရက် တွင် (၇)ကြိမ်မြောက် ရုံးချိန်းကို စစ်ဆေး မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ အစောပိုင်းတုန်းက တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ထွန်း ထွန်းညီက မြန်မာ ဘက်ခြမ်းရှိ NSCN-K နှင့် အိန္ဒိယ သူပုန်များကို ဆက်လက် နှိမ်နင်းသွားမည်ဟု ပြောထားသည်။
အိန္ဒိယ အစိုးရက NSCN-K အပါအဝင် KLO၊ ULFA(I)၊ NDFB၊ MPA၊ KYKL၊ PLA တို့ကို မတရားအသင်းဟု ကြေညာထား ပြီး မြန်မာ အစိုးရကတော့ NSCN-K နှင့် တိုင်းဒေသကြီး အဆင့် ပဏာမ အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် တခု ကို ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် လက်မှတ် ထိုးထားသည်။
လက်ရှိ အစိုးရ လက်ထက်တွင် အိန္ဒိယ အစိုးရနှင့် မြန်မာ အစိုးရကြား နှစ်နိုင်ငံ ချစ်ကြည်ရေး ကောင်း မွန်လျက် ရှိပြီး သံတ မန်ရေးရာ အရ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်မှု များ ရှိနေသကဲ့သို့ နယ်စပ် တည်ငြိမ် အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် မေ ၁၆ ရက်က အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်းဝန် H.E.Mr.Sanjay Mitra နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr.Saurabh Kumar ၊ အိန္ဒိယ စစ်သံမှူး၊ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယ တပ်မတော် အရာရှိကြီးများ နေပြည်တော်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်နှင့် အညီ ရပ်တည် ဆောင်ရွက်လျက် ရှိသော အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ထို့နောက် မေ ၂၆ ရက်မှ ၂၈ ရက်ထိ အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Saryu နှင့် INS Bangaram တို့ မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာရောက် လည်ပတ်ခဲ့သလို ဇွန် ၁၀ ရက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံ အမတ်ကြီး H.E.Mr. Saurabh Kumar သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝအနီး မြန်မာ-အိန္ဒိယ နယ်စပ်ကို အိန္ဒိယတပ်များ ပိတ်ဆို့ထား
အိန္ဒိယလက်နက်ကိုင်သူပုန်များ ထွက်သွားရန် မြန်မာတောင်းဆို
You may also like these stories:
ပါကစ္စတန် အကြမ်းဖက်စခန်းများကို အိန္ဒိယလေကြောင်းမှ တိုက်ခိုက်