ဖမ်းဝရမ်း ထုတ်ခံထားရသည့် အမျိုးသားရေး ဆရာတော် ဦးဝီရသူအား တရားရုံးသို့ လာရောက် ထုချေ ရှင်းလင်းရန် အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်အတွင်းရှိ ဦးဝီရသူ သီတင်းသုံး နေထိုင်ရာ ဓမ္မသဟာယကျောင်းတွင် ကပ်ခဲ့သည့် ဆင့်စာ ခွာ၍ ဖျက်ဆီးခံရသည်ဟု ဆိုသည်။
အဆိုပါ ထုတ်ဆင့်စာကို ရာဇဝတ်ကျင့်ထုံး ၈၇ အရ ဦးဝီရသူအား သြဂုတ်လ ၉ ရက်တွင် တရားရုံးသို့ လာရောက် ထုချေ ရှင်းလင်းရန် အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ တွဲဖက်ခရိုင် တရားသူကြီး ဦးကျော်ကျော်က ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှ သံဃာတပါးက“မနေ့က သူတို့ လာကပ်သွားတယ်။ ညနေပိုင်းလောက် ကျတော့ အဲဒီစာက မရှိတော့ဘူး၊ ဘယ်သူခွာသွားတာလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ အဲဒါကို စောင့်ကြည့်နေရ လောက်အောင်လည်း ဦးပဉ္ဇင်းတို့က အချိန်မပေါဘူး”ဟု မိန့်ကြားသည်။
တရားရုံး ထုတ်ဆင့်စာကို မဟာအောင်မြေမြို့နယ် သံဃနာယက အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မစိုးရိမ် ကျောင်းတိုက် အတွင်းသို့ သွားရောက်၍ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် နာယက ဆရာ တော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက မစိုးရိမ်တိုက်သစ် အတွင်းရှိ ဓမ္မသဟာယကျောင်းတွင် ဆင့်စာကပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးဝီရသူ၏ တပည့်ဖြစ်သူ အရှင်အရိယာဝံသ (ပေါက်ကိုယ်တော်)က“ဆင့်စာကပ်တာနဲ့ ပတ်သက်ပြီးတော့ ဦးပဉ္ဇင်းအနေနဲ့ ဘာမှ မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်ကလည်း လုပ်စရာ ရှိတာကို လုပ်တယ်၊ ဦးပဉ္ဇင်း တို့ကလည်း လုပ်စရာရှိတာကို ဆက်လုပ်မယ်။ အခုလိုတွေ လုပ်နေတာက နိုင်ငံရေးအရ ဆရာတော်ကို ကစား နေတဲ့ သဘောလို့ပဲ ပြောချင်တယ်”ဟု မိန့်ကြားသည်။
မစိုးရိမ်ကျောင်းတိုက် အတွင်း၌ တရားရုံးထုတ်ဆင့်စာ ကပ်ခဲ့ပြီးနောက် အဆိုပါ တရားရုံးထုတ်ဆင့်စာအား ကျောင်း တိုက် မှ သံဃာတော်အချို့က ကြက်ခြေခတ် အမှတ်အသား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆင့်စာကို ဓမ္မသဟာယကျောင်း ကြော်ငြာသင်ပုန်း အပြင် မစိုးရိမ်တိုက်သစ် ကြော်ငြာသင်ပုန်းနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ ကြော်ငြာသင်ပုန်းများတွင်လည်း ကပ်ခဲ့ပြီး မစိုးရိမ်တိုက်သစ် အတွင်းရှိ ဆင့်စာများမှာ ဇူလိုင် ၁၂ ရက်တွင် မရှိတော့ဘဲ အခွာခံခဲ့ရခြင်း ဖြစ်သည်။
အမှတ် ၇ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်ဝေလင်းက“မနေ့က ကပ်ခဲ့ပြီးတော့ ကျောင်းတိုက်က ဆရာတော်ကြီး တွေကို သေချာလျှောက်ထားပြီး အပ်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ကတော့ ဘာမှဆက်လုပ်လို့ မရပါဘူး။ တရားရုံးက နေပဲ ဆက်လက် လုပ်ဆောင်ရမယ့် အပိုင်းပါ”ဟု ပြောသည်။
ထိုသို့ တရားရုံး ထုတ်ဆင့်စာအား လုပ်ထုံးလုပ်နည်းများ အတိုင်း ကပ်ပြီးလျှင် တရားရုံး အနေဖြင့် တာဝန်ကျေပွန်ပြီး ဖြစ်သလို ယခုကဲ့သို့ ဆင့်စာအား ဖျက်ဆီးခြင်းသည် တရားစီရင်ရေးကို ထိခိုက်မှု မရှိကြောင်း တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောဆိုသည်။
ရှေ့နေကြီး ဦးသိန်းသန်းဦးက“ဆင့်စာကို အခုလို ခွာလို့ ဥပဒေ အကျိုးသက်ရောက်မှုကတော့ ထူးခြားမှု မရှိပါဘူး။ ဒါပေမယ့် လုပ်တဲ့သူအတွက်ကတော့ တရားရုံး မထီမဲ့မြင်ပြုမှု မြောက်တာပေါ့နော်။ စစ်အာဏာရှင် လက်ထက် ဆိုရင် တော့ ဟုတ်တာ မဟုတ်တာ အပထား ၅- ည တို့ ၅၀၅-ခ တို့ တပ်လို့ ရတာပေါ့နော်။ အခုဟာက ဆင့်စာကပ်ပြီးတာ ဖြစ်တဲ့အတွက် တရားရုံး အနေနဲ့ကတော့ တာဝန်ကျေသွားပြီပေါ့နော်။ ကျန်တာကတော့ မလာတဲ့သူရဲ့အပြစ်ဖြစ်သွား ပြီ၊ အခုကိစ္စက တရားစီရင်ရေး သော်လည်းကောင်း၊ လူ့အဖွဲ့အစည်း သော်လည်းကောင်း ဘာမှ ထိခိုက်မှု မရှိတဲ့ အတွက် အရေး သိပ်မပါပါဘူး”ဟုလည်း ရှင်းပြသည်။
တရားရုံးဆင့်စာအား ဖျက်ဆီး၊ တားမြစ်လျှင် ထောင်ဒဏ် ၂နှစ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သော ရာဇသတ် ကြီး ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူခြင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဦးသိန်းသန်းဦးက“ဆင့်စာဆိုတာ အမိန့်အာဏာ တခု ဖြစ်တယ်။ အဲဒီ အမိန့်အာဏာ တခုကို ဖီဆန်တာ။ ပျက်စီး အောင် ဖျက်ဆီးတာ ဖြစ်တယ်။ ဒါကို ဥပဒေပုဒ်မ ၃၅၃ နဲ့ အရေးယူလို့ရပါတယ်။ ဒီလိုကိစ္စက အလွန်ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ တခု ဖြစ်ပါတယ်”ဟု ပြောသည်။
ရန်ကုန်မြို့တွင် မေလ ၅ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး နှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲ၌ ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး မဏ္ဍိုင်အား စော် ကားသည်ဟု ဆိုကာ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးတွင် အရေးယူပေးရန် ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ထို့သို့ ဦးတိုက်လျှောက်ထားမှုအား အနောက်ပိုင်းခရိုင် တရားရုံးက ရာဇဝတ်အထွေထွေအမှုအမှတ် ၃၉/၂၀၁၉၊ နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ဖြင့် လက်ခံခဲ့ပြီး ခရိုင်ရုံးတွင် ဦးဝီရသူ မျက်ကွယ် စစ်ဆေးချက်များ အရ ယခုကဲ့သို့ ဆင့်ခေါ်စာ ထုတ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဝီရသူအား စွဲဆိုထားသော ပုဒ်မ ၁၂၄ (က) သည် အာမခံပေး၍ မရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့် ထောက်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်သော ပုဒ်မဖြစ်ကာ အနောက်ပိုင်း ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ် ဖမ်းဆီး စေခဲ့သော်လည်း ဖမ်းမိခြင်း မရှိသေးပေ။