ရခိုင်ပြည်နယ်မှတဆင့် ရန်ကုန်မြို့သို့ ဝင်ရန်ကြိုးပမ်းသည့် နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ပြီး မြန်မာနိုင်ငံသား အများစုက ဘင်္ဂါလီ ဟု ခေါ်သော အထောက်အထားမဲ့ ၉၆ ဦးကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်၊ ချောင်းသာ ကမ်းခြေဒေသတွင် ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ၉၆ ဦးကို ရခိုင်ပြည်နယ်မှ စက်လှေ ၂ စီးဖြင့် သယ်ဆောင်လာပြီးနောက် ပင်လယ်မှ တိုက်ရိုက် ဝင်ရောက်နိုင်သည့် ချောင်းသာကမ်းခြေ အနီးရှိ ဥတိုချောင်းအတွင်းသို့ ယနေ့ နံနက်၂ နာရီခန့်က ဝင်ရောက်ကာ ချောင်းသာ-ပုသိမ်ကားလမ်း မှ တဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ကြိုးပမ်းစဉ် ချောင်းသာမြို့ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “သူတို့ကို စက်လှေနဲ့ သယ်လာပြီး ဥတိုချောင်းထဲကနေ ကားပေါ်ကို ပြောင်းတင်ဖို့ လုပ်နေတဲ့ အချိန် ဖမ်းဆီးခဲ့တာပါ။ အထောက်အထားမဲ့ ခိုးဝင်ဘင်္ဂါလီ စုစုပေါင်း ၉၆ ဦး ဖမ်းဆီးရမိထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေသအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် ဖမ်းဆီးခဲ့ရာ ပထမအသုတ် အနေဖြင့် အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၉ ဦး ပါဝင်သည့် လူအုပ်တအုပ်ကို ဖမ်းမိခဲ့ပြီး ကုန်းပေါ်တွင် ပုန်းရှောင်နေသူများကို ထပ်မံရှာဖွေခဲ့ရာ အမျိုးသမီး ၂၂ ဦးတဖွဲ့နှင့် ၃ ဦး တဖွဲ့ ထပ်မံ ဖမ်းဆီးရမိခဲ့ သည်။
ထို့ကြောင့် အသက်ပြည့်ပြီးသူ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၆၃ ဦး၊ ကလေးငယ် ၂ ဦး တို့ကို ဖမ်းမိထားပြီး ယင်းပမာ ဏမှာ ပုသိမ်မြို့နယ်တွင် ဖမ်းဆီးရမိသူများအနက် အရေအတွက် အများဆုံး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ က “သူတို့က လာတာက စက်လှေ ၂ စီးနဲ့လာတာ။ ပင်လယ်ထဲမှာ စက်လှေ တစီးပေါ် လူတွေ ပြောင်းတင်ပြီးတော့ တစီးက ပင်လယ်ထဲမှာ ကျန်ခဲ့တယ်။ တစီးက ဥတိုချောင်းထဲကို စက်လှေနဲ့ ဝင် လာတာ။ မီနီဘတ် ၁ စီး၊ HiAce ကား ၁ စီးနဲ့ ပရိုဘောက် ၁ စီး စုစုပေါင်း ကား ၃ စီးနဲ့ စောင့်နေတယ်။ စက်လှေဝင်လာ ပြီးတော့ ကားပေါ်ကို လူတွေတင်ဖို့ လုပ်နေတဲ့အချိန်မှာ သတင်းအရ ကျနော်တို့ ပူးပေါင်း အဖွဲ့တွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တာ ပါ” ဟု ဧရာဝတီကို ပြောသည်။
ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့မှုကြောင့် ရခိုင်ပြည်နယ်မှ သယ်ဆောင်လာသည့် စက်လှေ ၂ စီးနှင့် မြန်မာနိုင်ငံသား စက်လှေမောင်းသမား ၃ ဦး၊ ဟွန်ဒိုင်း မီနီဘတ်ကား ၁ စီး၊ HiAce ကား ၁ စီးနှင့် ပရိုဘောက်ကား ၁ စီး အပါအဝင် မြန်မာနိုင်ငံသား ကားမောင်းသမား ၃ ဦးနှင့် ယာဉ်နောက်လိုက် ၃ ဦး တို့ကို ဖမ်းဆီးရမိထားကြောင်း ဧရာဝတီတိုင်း ရဲတပ် ဖွဲ့မှူးရုံးက သိရသည်။
ချောင်းသာ ဒေသခံ ကိုအောင်ကျော်ကျော် က “ဒီဘင်္ဂါလီတွေကို သယ်ပြီး ပင်လယ်ထဲကနေ ဥတို ချောင်းထဲဝင်ဖို့ ဆိုတာက နယ်မြေလမ်းကြောင်း ကျွမ်းကျင်တဲ့လူ ပါနေလို့သာ အခုလို လုပ်နိုင်တာ။ ဒါက စနစ်တကျကို ချိတ်ဆက် ဆောင်ရွက်ထားတာလို့ ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများကို ချောင်းသာစခန်းမှ ပုသိမ်မြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ထားပြီး ၎င်းတို့ကို စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်လျက်ရှိသဖြင့် အသေးစိတ် အခြေအနေအား မသိရှိရသေးကြောင်း တိုင်းရဲတပ်ဖွဲ့က သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အဝင် ဂိတ်၌ ပါဂျဲရိုးကားဖြင့် အပြည့်အသိပ် သယ်ဆောင်လာသည့် ဘင်္ဂါလီ ၃၀ ဦးကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်ကလည်း ပု သိမ်မြို့နယ် ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ကမ်းခြေ အနီး စက်လှေဖြင့် ခိုးဝင်လာသူ ၂၂ ဦးကို အုပ်ချုပ်ရေး တာ ဝန်ရှိသူများက ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ငပုတောတွင် ဖမ်းမိသည့် ဘင်္ဂါလီ၂၉ ဦးကို ပြစ်ဒဏ် ၂ နှစ်စီ ချမှတ်
မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆ ဦး ဖမ်းမိ