ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးတရား စွဲခံရသည့် ကျောင်းဆရာ ဦးနိုင်အောင်ထွန်း ကို ဒီဇင်ဘာ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးက လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
လွတ်မြောက်လာသူ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းမှာ ကျောက်ရန်ရွာ (အမက) က တွင် တာဝန်ထမ်းဆောင် နေသူ ဖြစ်ပြီး AA အဖွဲ့ နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီး တရားစွဲခံထားရာမှ ထိုသို့ လွတ်မြောက်လာခြင်း ဖြစ်သည်။
အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ် ဦးသန်းခိုင် က “သူ့ကို မနေ့က ဘူးသီးတောင်မြို့နယ် တရားရုံးက အပြီးသတ် လွတ်ပေးလိုက်ပါတယ်။ တရားရုံး က ဆုံးဖြတ်တာကတော့ သူ့ကို စွဲဆိုထားတဲ့ အချက် အလက်တွေနဲ့ ပတ်သက်ပြီး တရားခွင်မှာ နှစ်ဘက် စစ်ဆေးတဲ့အခါ အပြစ်ပေးနိုင်လောက်တဲ့ သက်သေခံအ ထားအထောက်အထားတွေ မပေါ်ပေါက်တဲ့ အတွက် အမှုက အပြီး ပိုင်လွှတ်ဖို့ အမိန့်ချ လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မူလတန်းပြ ဆရာ ဦးနိုင်အောင်ထွန်းအား တရားရုံး၌ အမှု စစ်ဆေးခဲ့ရာတွင် တရားလိုဘက်က တင်သွင်းသည့် သက်သေ ၈ ဦးနှင့် တရားခံဘက်မှ တင်သွင်းသည့် သက်သေ ၃ တို့ကို စစ်ဆေးခဲ့ကြောင်း၊ ထို နှစ်ဘက် သက်သေခံခ ျက်များအ ပေါ်မူ တည်၍ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သြဂုတ်လ ၈ ရက်နေ့က အဆိုပါ ကျောက်ရန်ကျေးရွာသို့ တပ်မတော် စစ်ကြောင်း တခုက ဝင်ရောက်လာပြီး ကျေးရွာသားများကို ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးခဲ့ပြီးနောက် ၎င်းကျောင်းဆရာ အပါအဝင် ဒေသခံ ရခိုင်တိုင်းရင်းသား ၅ ဦးကို AA အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးကာ သက်ဆိုင်ရာက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုမှ အပြီးသတ်လွတ်မြောက်လာသူ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းသည် ရသေ့တောင်မြို့နယ် ဈေးကိုင်းကျေးရွာဇာတိဖြစ်ပြီး ကျောက်ရန်ကျေးရွာတွင် တာဝန်ကျ နေသည်မှာ ၃ နှစ်ခန့် ရှိပြီး ဖြစ်ကြောင်းလည်း ဘူးသီး တောင်မြို့ နယ် ပညာ ရေးမှူး ရုံးမှ သိရသည်။
အလားတူ ၎င်းမြို့နယ်အတွင်းက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရား စွဲဆိုခံခဲ့ရသူ မူလတန်းပြဆရာ ကိုနေဇော်လင်းအားလည်း တရားလို ဘက်က တင်ပြသည့် သက်သေ အထောက်အထား မခိုင်လုံသည့်အတွက် ဒီဇင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးက စွဲချက် မတင်မှီ ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ အသက် ၂၇ နှစ်အရွယ် မူလတန်ပြဆရာ ကိုနေဇော်လင်းမှာ သြဂုတ်လ ၅ ရက်နေ့သရက်ပြင် ကျေးရွာမှ ကြာညိုပြင် ကျေးရွာသို့ စာသင်ကြားရန် လာရောက်စဉ် စိုင်းဒင် ချောင်းတံတားပေါ်တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်း သည်။