သတင်း

စာမေးပွဲအချိန်စာရင်း ပြောင်းလဲလိုက်ကြောင်း အခြေခံပညာ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့ အမျိုးသားလွှတ်တော်၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် အခြေခံပညာ ကဏ္ဍရှိ နိုင်ငံတော်အဆင့် မဟုတ်သော အတန်းများ၏ စာမေးပွဲ အချိန်စာရင်းများကို ရွှေ့ဆိုင်းပေးလိုက်ရကြောင်း အခြေခံပညာ ဦးစီးဌာနက သိရသည်။

ဖေဖော်ဝါရီ ၃ ရက်က အမျိုးသား လွှတ်တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ ပြောင်းလဲသတ်မှတ်ကြောင်း ညွှန် ကြားစာကို ဖေဖော်ဝါရီ ၄ ရက်၌ အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် KG တန်း၊ Grade 1 ၊ Grade 2 ၊ Grade 3 ၊ Grade 6 ၊ Grade 7၊ Grade 8 နှင့် Grade 10 အတန်း များ၏ စစ်ဆေး အကဲဖြတ်ခြင်း လုပ်ငန်းများနှင့် နှစ်ဆုံး စာမေးပွဲများကို၂၀၂၀ ခုနှစ် မတ်လ ၄ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်ရန် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့တွင် အတည်ပြုပြီး အခြေခံပညာ ဦးစီးဌာနသို့ တင်ပြ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

တတ်မြောက်မှု စစ်ဆေးခြင်း နှစ်ဆုံး စာမေးပွဲများ ဖြေဆိုပြီးပါက နွေရာသီကျောင်းပိတ်မည် ဟုလည်း ထုတ်ပြန်ချက် အရ သိရသည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က “မနေ့ကပဲ ထုတ်ဖို့ ပြောထားတာလေ။ လွှတ်တော်မှာ ညှိနှိုင်းဆွေးနွေးချက် အရပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၄ တန်းနှင့် ၈ တန်း စာမေးပွဲဖြေဆိုရမည့် ရက်နှင့် ဆယ်တန်းစာမေးပွဲ ဖြေဆိုရမည့် ကာလကြားတွင် ကျန်အတန်းများ၏ စာမေးပွဲ ဖြေဆိုရမည့် ရက်ကို သတ်မှတ်လိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဦးကိုလေးဝင်း က “အရင်နှစ် အတိုင်းတော့ မဟုတ်ဘူး။ အရင်နှစ်က အခု ကျောင်းတွင်းစစ် စာမေးပွဲတွေ အကုန်လုံးက ဖေဖော်ဝါရီလကုန် ဆိုပြီးပြီလေ။ မတ်လ ၁ ရက်ကတည်းက စပြီးကျောင်းပိတ်တာ။ အခုက အဲဒီလို မဟုတ်ဘူးလေ။ ဒါပေမယ့် နည်းနည်းလေး ပဲ ကွာပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော်သူ ကလည်း အခြေခံပညာ ဦးစီးဌာနက စာမေးပွဲ ကျင်းပမည့်ရက်များကို ပြောင်းလဲ သတ်မှတ်လိုက်ပါက အခြေခံပညာကျောင်းများတွင် အဆင်ပြေသွားနိုင်ဟု ဆိုသည်။

ဦးအောင်ကျော်သူ က “ဆရာ၊ ဆရာမတွေ ပြေးရလွှားရတဲ့ ကိစ္စတွေပေါ့ဗျာ။ ဒါကတော့ သိသိသာသာကြီးကို အဆင်ပြေသွားမှာပါ။ ဆရာ၊ ဆရာမတွေကလည်း သူတို့ တက်ရလို့ ငြင်းနေတာ မဟုတ်ဘူးဗျ။ ဒီစာမေးပွဲရက် ကသိကအောက်ဖြစ်တဲ့ ကိစ္စတွေ ကျောင်းသားတွေကို ခေါ်ရတဲ့ ကိစ္စတွေ။ လိုက်ခေါ်ရလို့ စိတ်ပူရတာပေါ့။ နောက်တခုကတော့ ရာသီဥတုက အရမ်း ပြင်းတဲ့ အခါကျတော့ ရေဒုက္ခတွေတော့ ကြောက်တာပေါ့” ဟု ဆိုသည်။

အခြေခံပညာ ဦးစီးဌာနက ၄ တန်းနှင့် ၈ တန်း အစိုးရစစ် စာမေးပွဲများကို ဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၁ ရက်မှ ၂၀ ရက် အထိ ကျင်းပရန် လျာထားကာ ကျန် အတန်းများကို တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပပြီးသည့် နောက်ပိုင်းရက်များတွင် ကျင်းပမည်ဟု၂၀၁၉ ခုနှစ်ကတည်းက ကြေညာထားသည်။

ယင်းကြေညာချက်သည် အခြေခံပညာ ကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ သတ်မှတ်ကျင့်သုံးလာခဲ့သော စနစ်ကို အသစ် ပြောင်းလဲကျင့်သုံးမည့် သဘောလည်း ဖြစ်ပြီး ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားသမဂ္ဂများ၏ ပြင်းထန်သည့် ဝေဖန်ကန့်ကွက်မှုများ ရင်ဆိုင်နေရသည်။

အခြေခံပညာ ဦးစီးဌာနက စာမေးပွဲ အချိန်စာရင်းများကို ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး နောက် တွင် အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီကလည်း ၎င်းတို့လှုပ်ရှားနေသော ဖဲကြိုးစိမ်း လှုပ်ရှားမှု အပါအဝင် လှုပ်ရှားမှုအားလုံးကို ယာယီဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်တွင် ကြေ ညာချက် ထုတ်လိုက်သည်။

မြေပြင်ရှိ ဆရာ၊ မိဘ၊ ကျောင်းသားများ၏ အခက်အခဲကို စာနာနားလည်ပြီး ပြည်သူ့အသံနားထောင်သော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် အရပ်ရပ်မှ ကိုယ်စားလှယ်များနှင့် အခြေခံပညာ၊ အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပူးပေါင်း ပါဝင်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

စာသင်ကာလ တိုးခြင်း ဆက်လုပ်သွားမည်ဟု ပညာရေး ဒုဝန်ကြီးပြော

အခြေခံပညာ စာမေးပွဲ ကျင်းပရက်များ ပြောင်းလဲပေးမည်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading