‘ဝ’ နိုင်ငံရေးပါတီ ၃ ခု အနေဖြင့် တပါတီတည်းအဖြစ် မပူးပေါင်းဘဲ ရှေ့ဆက်မည်ဆိုပါက ရွေးကောက်ပွဲကာလ တွင် မဲမပေးဟု ‘ဝ’ လူမျိုးဒေသခံများက ပြောဆိုကြသဖြင့် ၃ ပါတီ ပူးပေါင်းကာ ‘ဝ’ အမျိုးသား ပါတီ အဖြစ် တည်ထောင်ရန် ပြင်ဆင်နေကြောင်း ‘ဝ’ နိုင်ငံရေးပါတီ သုံးခု ပေါင်းစည်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆိုင်းပေါင်း နပ်က ဧရာဝတီသို့ ပြောကြားသည်။
“လူထုရဲ့တောင်းဆိုချက် အရလည်း ပေါင်းလိုက်တာပါ။ အရင်တုန်းက ၃ ပါတီ မပေါင်းစည်းတဲ့ အချိန်မှာ ရွေးကောက်ပွဲ အခက်အခဲတွေ ကြုံခဲ့ရတယ်။ ဒါကြောင့်မို့လို့ တပေါင်းတစည်းတည်း ပေါင်းလိုက်ရင် ပိုပြီး ဖြစ်ထွန်းမယ်လို့ ယူဆလို့ ပေါင်းလိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ‘ဝ’ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’ လစ်ဘရယ်ဒီမိုကရက် တစ် တိုးတက် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ ‘ဝ’ အမျိုးသားပါတီ အဖြစ် ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလ က ‘ဝ’ နိုင်ငံရေးပါတီ ၃ ခု မပေါင်းစည်းခဲ့သဖြင့် မည်သည့် အခက်အခဲ များ ကြုံခဲ့ရသည်ကိုမူ ဦးဆိုင်းပေါင်းနပ်က ပြောကြားခဲ့ခြင်းမရှိပါ။
ပါတီတည်ထောင်ခွင့်ကို ၂၀၁၉ ဒီဇင်ဘာလအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပါက ‘ဝ’ အမျိုးသားပါတီ တည်ထောင်ကြောင်း ကြေညာမည် ဖြစ်ကြောင်း ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။
“ကျနော်တို့ ဌာနချုပ်ကတော့ လားရှိုးမှာ လောလောဆယ် ထားတာပေါ့။ ဒါပေမယ့် လာမယ့် တည်ထောင်ခွင့် ရရှိလာတဲ့ အချိန်မှာ ကျနော်တို့ လားရှိုးမှာ လုပ်မှာလား။ ဟိုပန်မှာ အခြေချမှာလား ဆိုတာတော့ မဆုံးဖြတ် ရသေးဘူး” ဟု ဦးဆိုင်းပေါင်းနပ်က ရှင်းပြသည်။
ပါတီအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျနေသော ‘ဝ’ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်ရန် မူဝါဒချမှတ်ထားပြီး ပါတီတရားဝင် တည်ထောင်လိုက်ပါက ပါတီဝင်အင်အား သောင်းဂဏန်းခန့် ရှိမည်ဖြစ်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ‘ဝ’ လူမျိုးများ နေထိုင်ရာ ဒေသများမှ ရွေးကောက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
“အစိုးရက ခွင့်ပြုလို့ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ၆ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရင် ကျနော်တို့က ၆ မြို့နယ်လုံး ဝင်ပြိုင်မယ်။ အဲဒီ ၆ ခုအပြင် ဝ တိုင်းရင်းသား အများစု အခြေချနေထိုင်တဲ့ ဝ တိုင်းရဲ့ ပြင်ပ မြို့နယ်တွေမှာလည်း ကျနော်တို့ ဝင်ပြိုင်မယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် ထားသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ မြို့နယ် ၄ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။
သို့ဖြစ်ရာ ‘ဝ’ နိုင်ငံရေးပါတီ ၃ ခုသည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း အတွင်းရှိ ဟိုပန်မြို့နယ် နှင့် မက်မန်း မြို့နယ်တို့ အပြင် ဝ လူမျိုးအများစုရှိရာ ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ ၊ တာချီလိတ် စသည့် မြို့များတွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ‘ဝ’ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီက မက်မန်းမဲဆန္ဒနယ် အမှတ် (၁) တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တနေရာအတွက် အနိုင်ရခဲ့ပြီး၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီက ရှမ်းပြည်နယ်လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တနေရာ အနိုင်ရခဲ့သည်။
‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ သည် ၂၀၁၆ ခုနှစ်တွင်မှ တရားဝင် ပါတီတည်ထောင် ခဲ့သဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ကြောင်း ယင်းပါတီမှ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝ နိုင်ငံရေးပါတီများအတွက် အဓိက ပြိုင်ဘက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ USDP ဖြစ်ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ USDP ပါတီသာမကတော့ပဲ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၊ လားဟူပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များသည် ဝ အမျိုးသားပါတီ အတွက် အဓိက ပြိုင်ဘက်များ ဖြစ်လာနိုင်သည်ဟု မျှော်မှန်းထားကြောင်း ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။
ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း UWSA ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝါ၊ မက်မန်း ဆိုင်နှင့် ပန်ဆန်းမြို့များ၌ ရွေးကောက်ပွဲကျင်းပနိုင်ရန်မှာ မသေချာသေးပေ။
UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဝ ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ UWSA ထံ ဆက်သွယ်လာခြင်း မရှိသေးကြောင်း ပြောသည်။
“ညှိတာတော့ မရှိသေးဘူးပေါ့နော်။ ကျနော် သိသလောက်ပေါ့။ ဒါပေမယ့် ဌာနချုပ်နဲ့ တစုံတရာ တိုက်ရိုက် ဆက်သွယ်မှုရှိရင်တော့ မပြောတတ်ဘူးပေါ့” ဟု ၎င်းက ဧရာဝတီသို့ ပြောကြားသည်။
UWSA ထိန်းချုပ်ထားသည့် မြို့များတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် UWSA ဌာနချုပ် လူကြီးများ၏ သဘောထားအပေါ်တွင် မူတည်သည်ဟုလည်း ဦးညီရန်းက ပြောသည်။
ဆက်လက်၍ ဦးညီရန်းက “၃ ပါတီပေါင်းတယ်ဆိုတာ ကျနော်လည်း ကြားမိပါတယ်။ ဝမ်းသာပါတယ်။ ဒါတွေ ကလည်း ဝ တမျိုးသားလုံး တောင်းဆိုနေတဲ့ တောင်းဆိုချက် စိတ်ဆန္ဒအရလည်း ဖြစ်တယ်ပေါ့။ ကျနော်တို့ နဂိုကတည်းက ရှိနေတဲ့ ဝ ပြည်နယ်ကို ပြန်လည် အသိအမှတ်ပြုပေးဖို့ အားလုံးရဲ့ ရည်မှန်းချက်ပန်း တိုင်ပဲ လေ။ ဒီလိုမျိုး စုစည်းမှပဲ အင်အားတောင့်မှာလေ” ဟု ပြောဆိုသည်။
ရှမ်းပြည်နယ် သီပေါမြို့တွင် နေထိုင်သည့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း ဝ နိုင်ငံရေးပါတီ ၃ ခုပူးပေါင်းလိုက်ခြင်းသည် ဝ လူမျိုးများအတွက် အင်အားတရပ် ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ နိုင်ငံမှာလို လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝ မရသေးတဲ့ အခြေအနေ၊ ဖက်ဒရယ်စနစ် ပီပီပြင်ပြင် မဖြစ်သေးတဲ့အခြေအနေမှာ ဖက်ဒရယ်စနစ်ကို ခွင့်ပြုနိုင်တဲ့ နိုင်ငံရေးပါတီကြီးတွေ ကလည်း မရေမရာ ဖြစ်နေတဲ့ အခြေအနေမှာ တိုင်းရင်းသားပါတီတွေ စည်းလုံးညီညွတ်တာက ကောင်းတယ်။ ဒါက အားတခုဖြစ်လိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။
ဝ သုံးပါတီ ပေါင်းစည်းလိုက်ခြင်းဖြင့် ဝ လူမျိုးများသည် ဝ နိုင်ငံရေးပါတီ တခုတည်းကိုသာ မဲထည့်လာနိုင်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရပါက လွှတ်တော်၌ ဝ လူမျိုးများကို ကိုယ်စားပြုသည့် တောင်းဆိုမှုများ ရှိလာ နိုင်ကြောင်း ဦးရဲထွန်းက ပြောကြားသည်။
လက်ရှိကာလတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ တိုင်းရင်းသားပါတီအချို့သည်လည်း တစုတစည်းတည်းအဖြစ် ပေါင်းစည်းထားသည်။
မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီ ၂ ခုက မွန်ညီညွတ်ရေးပါတီအဖြစ် ပေါင်းစည်းထားသည်။
ထို့အတူ ချင်းပြည်နယ်တွင်လည်း ချင်းတိုင်းရင်းသားပါတီ ၃ ခုပူးပေါင်းကာ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အဖြစ် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားပါတီများ တခုတည်း သောပါတီအဖြစ် ပေါင်းစည်းထားကြပြီးဖြစ်သည်။
You may also like these stories:
ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်
NLD နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်သဘောရှိတယ်