အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)မှ ဖမ်းဆီးရမိသည့် မူး ယစ်ဆေးဝါး(ကာလတန်ဖိုး ၆၂၈၉၆၀၀ ကျပ်)နှင့်အတူ တရားခံ ၆ ဦးအား အစိုးရထံ ပထမဆုံးအကြိမ် အဖြစ် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ (RCSS/SSA) ထိန်းချုပ်ရာ ဒေသအတွင်း ကျောက်မဲ-မိုင်းလုံကားလမ်းတွင် ဖမ်း ဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် သယ်ဆောင်လာသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံသို့ RCSS မှ ဗိုလ်မှူး ဒေါ်နန်းမိုးမိုးစော က ဖေဖော်ဝါရီလ ၁၉ ရက် လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
ကျောက်မဲမြို့မစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်ဌေးဝင်းက “သူတို့က NCA ထိုးတာတဲ့ အဖွဲ့ ဖြစ်သလို သူတို့ဘက်ကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီတော့ သူတို့ ဖမ်းမိတာကို ဥပဒေအရ အရေးယူနိုင်အောင် ကျနော်တို့ဆီ အပ်တဲ့သဘောပါ။ အစိုးရထံအပ်တာက ဒါ ပထမဆုံးပါ။ အရင်တခေါက် အပ်တာက တပ်အချင်းချင်းအပ် တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် မူဆယ်ဘက်မှ သယ်ဆောင်လာပြီး မိုးကုတ်သို့ ပို့ဆောင်ပေးရမည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။
RCSS/SSA လက်အောက်ခံ လှုပ်ရှားတပ်ရင်းမှ ကျောက်မဲ-မိုင်းလုံကားလမ်းတွင် စစ်ဆေးစဉ် ဆိုင်ကယ်၂ စီးလာသည့် လူ ၄ ဦးထံမှ ဆပ်ပြာခွက် ၃၃ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၃၃၀ ကီလိုဂရမ်အား တရားခံနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက် ထိုလမ်းအနီး၌ RCSS မှ ဆိုင်ကယ် မောင်းလာသည့် လူ ၂ ဦးအား စစ်ဆေးရာ ဘိန်းဖြူ ပင်နစလင် ၂ ဗူး၊ စိတ်ကြွဆေးပြား (ယာမ) ၆ ပြားကို ထပ်မံ၍ ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေး ၃ ဂရမ်နှင့် အထက်ကို ရောင်းချရန် အလို့ငှာ သယ်ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း မူးယစ် ဆေးဝါး ဥပဒေပုဒ်မ ၁၉(က)ဖြင့် အရေးယူပြီး တသက်တကျွန်းနှင့် နှစ်အကန့်အသတ် မရှိဖြင့် အပြစ်ပေးနိုင်သည်။
မူးယစ်ဆေးဝါး ၃ ဂရမ်အောက်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုအတွက် မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆(က)ဖြင့် အရေးယူပြီး ထောင်ဒဏ် ၇နှစ် အထိ အပြစ်ပေး အရေးယူနိုင်သည်ဟု ဆိုထားသည်။
ဇန်နဝါရီလ ၁၈ ရက်ကလည်း RCSS တပ်ဖွဲ့ဝင်မှ ကျောက်မဲအခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့သို့ ဖမ်းဆီးရမိ သည့် မူးယစ်ဆေးဝါးများကိုလည်း လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
မူးယစ်ဆေးပြား ၁၈ သိန်း သယ်လာသူများကို “ဝ” တပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး