COVID-19 ရောဂါ ကာကွယ်ရန်အတွက် လူစုလူဝေး ဖြစ်စေနိုင်မည့် နိုက်ကလပ်၊ KTV ၊ စင်တင်နှင့် ဘားများအား ယနေ့စတင်ပိတ်ရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“ပြည်သူအများ အနေနဲ့ လူစုလူဝေး ဖြစ်စေမယ့် နေရာတွေ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ လူစုလူဝေး ဖြစ်နိုင်တဲ့နေရာတွေကို ယာယီပိတ်ဖို့အတွက် ဆောင်ရွက် တာ ဖြစ်ပါတယ်။ ပိုးကို ကာကွယ်ဖို့အတွက် နိုင်ငံသား ၁ ဦးချင်းစီမှာ တာဝန်ရှိသလို ဗိုင်းရပ်စ်ပိုးရှိသူ ထံကနေ တခြား သူဆီ ကူးစက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်” ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည် အောင်က ပြောပြသည်။
မန္တလေးတိုင်းအတွင်းရှိ အထက်ပါနေရာများအား ယနေ့ညမှ စတင်၍ ပိတ်ရန် တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြားပြီးဖြစ်ကာ မတ်လ ၁၉ ရက်မှ ဧပြီလကုန်အထိ ယာယီပိတ်ရမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း ရောဂါကာကွယ်ရေး ဆိုင်ရာ ကိစ္စများအား အမျိုးသားအဆင့် အနေဖြင့် ဆောင်ရွက်နေပြီး သင်္ကြန်အပါအဝင် လူစုလူဝေးဖြင့် ပြုလုပ်ရမည့် ပွဲလမ်းသဘင်၊ အခမ်းအနားများအား ပြုလုပ်ခြင်းအား ဧပြီ ၃၀ ရက်အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့က ကမ္ဘာကပ်ရောဂါအဖြစ် သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ်သည် မတ်လ ၁၈ ရက်အထိ တရုတ် အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁၅၉ နိုင်ငံ၌ ဖြစ်ပွားလျက်ရှိရာ သေဆုံးသူပေါင်း ၇၄၀၀ ကျော်နှင့် ကူးစက်ခံ ရသူပေါင်း ၁ သိန်း ၈ သောင်းနီးပါး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။
ဆက်စပ်လင့်
ရုပ်ရှင်ရုံတွေ ပိတ်လိုက်တဲ့အပေါ် ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အမြင်