သတင်း

ပဲခူးတိုင်း၌ သင်္ကြန်နှင့် ပွဲလမ်းသဘင် အခမ်းအနားများ မလုပ်ရန် ညွှန်ကြား

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများတွင် သင်္ကြန်ပွဲတော် အပါအဝင် လူစုလူဝေးဖြင့် ကျင်းပရမည့် ပွဲလမ်းသ ဘင်၊ အခမ်းအနားများ မပြုလုပ်ရန် မတ်လ ၁၄ ရက်က တိုင်းအစိုးရ ဦးဆောင် ဖွဲ့စည်းထားသည့် ကော်မတီမှ ညွှန်ကြား ထားကြောင်း သိရသည်။

ပဲခူးတိုင်းအစိုးရ အဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးက “ပဲခူး တိုင်းအစိုးရ အဖွဲ့ကနေ မြို့နယ် ထွေအုပ်တွေကို ပြည်ထောင်စုက ညွှန်ကြားချက်အတိုင်းပဲ ဆောင်ရွက်ဖို့ဆိုပြီး ထုတ်ထား တယ်။ ဘုရားပွဲတွေရော၊ သင်္ကြန်ပွဲတွေလည်း ပါတယ်။ ခရိုင်ထွေအုပ်ကနေပြီးတော့ မြို့နယ်ရော၊ ရပ်ကျေး ထွေအုပ်တွေ အထိ အကုန်လုံးကို ဖြန့်ခိုင်းလိုက်တယ်။ ပြည်ထောင်စုကနေ ထုတ်ပြန်ပြီး နောက်နေ့မှာပဲ (ပဲခူးတိုင်း အစိုးရက) စာထုတ် လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ COVID-19 ကူးစက်ခြင်း မရှိစေရန်နှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းသိမ်းရေး ပဲခူးတိုင်း ကော်မတီအား ဖွဲ့စည်းကာ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဝန်ကြီး ဦးထွန်းထွန်းဦးက ဆိုသည်။

“ဈေးတို့ ဘာတို့ကတော့ အရင်၂ ခေါက် ၃ ခေါက်သွားရင် အခုချိန်မှာတော့ တခေါက်လောက်ပဲသွားဖို့ ကျန်မာရေးဌာနက နေ ထုတ်ပြန်ထားတဲ့ ပညာပေး စာစောင်တွေလည်း ဝေထားတယ်။ အဲဒီအတိုင်း လိုက်နာဆောင်ရွက်ဖို့ အရမ်းလည်း အကြောက်မလွန်ဖို့ ဆိုပြီးတော့ မနေ့က ကော်မတီမှာလည်း ပြောထားပါတယ်။ ပဲခူးတိုင်း အစိုးရအဖွဲ့က တပတ်ကို တခါ အစည်းအဝေးလုပ်တယ်။ ဝူဟန် ဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေးမှာ ပဲခူးတိုင်း ကော်မတီ ဖွဲ့ထားတာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပဲခူးတိုင်း အစိုးရ၏ ညွှန်ကြားချက်အား ယခုထက် ဆောလျင်စွာ ထုတ်ပြန်ထားသင့်ကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် များတွင် အသိပညာပေး လုပ်ငန်းဆောင်ရွက်မှု အားနည်းနေကြောင်းနှင့် လူစုလူဝေးနှင့် လုပ်ကိုင်ရမည့် ပွဲလမ်းသဘင်များ ရပ်ဆိုင်ခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံကြောင်း ခေတ္တရာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးညီညီအောင်က ဧရာဝတီကို ပြောသည်။

“အခုလို ထုတ်ပြန်တာ နောက်ကျတယ်လို့ ကျနော်မြင်တယ်။ နောက်တခုက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တာကို ပြည်သူတယောက် အနေနဲ့ သံသယ ရှိတယ်။ ဘာကြောင့်လဲဆိုရင် အဆက်ဆက် ဖုံးဖိခဲ့တဲ့ ကိစ္စတွေကလည်း ရှိခဲ့တဲ့ အ တွက်၊ နောက်တခုက ခေတ်မှီတဲ့ စက်ကိရိယာတွေ မရှိလို့ ဒီဟာကို မဖော်ထုတ်နိုင်သလား၊ အဲဒါတွေတော့ စိုးရိမ်မိတယ်။ ကျနော်တို့လူမျိုးက မဖြစ်ခင် ကြိုတင်ကာကွယ်တာထက် ဖြစ်ပြီးမှ ဟိုဟာလိုက်လှူ ဒီဟာလိုက်လှူ လုပ်တာ များတယ်” ဟု ၎င်းက ဆက်ပြောသည်။

စက်ရုံအလုပ်ရုံများတွင် လာမည့် မေလအထိ လုပ်ကိုင်နိုင်ရန် ကုန်ကြမ်းများ လုံလောက်မှုရှိကြောင်းနှင့် စက်ရုံ လုပ်ငန်းရှင် များနှင့် ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “စက်ရုံ ၅၀ နီးပါးလောက် ဒီနေ့ အစည်းအဝေးကို လာတယ်။ စက်ရုံတွေ ပိတ်သိမ်းရမယ့် အခြေအနေ တွေ ရှိလား၊ ငွေရေးကြေးရေး အခြေအနေတွေ ဘယ်လိုရှိလဲ၊ နိုင်ငံတော်က အခက်အခဲရှိရင် ချေးပေးဖို့ပေါ့။ ကျနော်တို့ ပဲခူးမှာ အကုန် အဆင်ပြေတယ်။ ကုန်ကြမ်းကလည်း ၅ လပိုင်းအထိ အကုန်အဆင်ပြေတယ်တဲ့။ ပဲခူးမြို့မဟုတ်တဲ့ တခြား စက်ရုံတွေကိုလည်း ကော်မတီကနေ လှမ်းပြီးတော့ ညွန်ကြားထားတယ်။ အလုပ်သမား ညွှန်ကြားရေးမှူးကနေပြီးတော့ အခက်အခဲရှိရင် တင်ပြဖို့ အကုန်လုံးကို ညွှန်ကြားထားပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် ပဲခူးတိုင်းရှိ စက်ရုံ အလုပ်ရုံများကို ကျန်းမာရေး အသိပညာပေးမှုများ ပြုလုပ်ရန်အတွက်လည်း ညွှန်ကြားထား ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးသင်္ကြန်ပွဲတော် ကျင်းပရေး ဖျက်သိမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading