တရုတ်နိုင်ငံဘက်မှ ပြန်လာမည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ဂိတ်မှ တဆင့် ယနေ့မှ စ၍ လက်ခံနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးနေဝင်းက “တရက်တည်း ၁၈၀၀၀ လုံး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ တရက်ကို ၂၀၀ စီလောက်နဲ့ ပြန်လာဖို့ တရုတ်အစိုးရ၊ တရုတ်ရဲ၊ တရုတ် လဝက တို့ တာဝန်ရှိ သူတွေနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းထားလို့ တရက်ကို ၂၀၀ စီဝင်ခိုင်းတာပေါ့။ ဒီမနက်ပိုင်း ၈ နာရီမှာ စဝင်နေပါပြီ” ဟု ပြောပြ သည်။
တရုတ်နိုင်ငံက ၎င်းတို့နိုင်ငံတွင်း လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို COVID-19 ရောဂါ အကြောင်း ပြု၍ ပြန်လည် စေလွှတ်ခြင်း ဖြစ်ကြောင်း ကနဦး ကြားသိရသော်လည်း အသေးစိတ် အကြောင်းပြချက်၊ အလုပ်အကိုင်နှင့် ဒေသတို့ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လွယ်ဂျယ်မြို့၊ COVID-19 တားဆီးကာကွယ်ရေးကော်မတီ၏ ဧပြီ ၁၅ ရက် ထုတ်ပြန်ထားချက်အရ တရုတ်နိုင်ငံ ဘက်မှ ပြန်လာသူများမှာ လွယ်ဂျယ်မြို့ရှိ Quarantine Center တွင် ၂၁ ရက် နေထိုင်ရမည်ဖြစ်ပြီး မိမိစရိတ်၊ မိမိ အိပ်ယာလိပ် အပြည့်အစုံဖြင့် လာရောက် နေထိုင်ရမည် ဖြစ်သည်ဟု ရေးသားထားသည်။
Quarantine Centerတွင် နေထိုင်သည့် ၂၁ ရက်အတွင်း စားစရိတ်နှင့် ကုန်ကျစရိတ်များကို ကိုယ်တိုင် ကျခံရမည်ဟူ၍ ဖော်ပြထားသည်။
Quarantine Center တွင် နေထိုင်သည့် ၂၁ ရက် ပြီးသွားပါက တရုတ်နိုင်ငံသို့ပြန်လည် ထွက်ခွာခွင့် ရှိမည် မဟုတ်ဘဲ မိမိနေရပ်ရင်း အိမ်များသို့ပြန်သွားရာတွင်လည်း ၇ ရက် ထပ်မံ၍ နေအိမ် အပြင် မထွက်ပဲ နေထိုင်ရမည်ဟု ရေးသားထားသည်။
နေရပ်ပြန်များ အလုံးအရင်းဖြင့် ဝင်လာပါက စိစစ်လက်ခံနိုင်မည် မဟုတ်သဖြင့် နေ့စဉ် ညနေ ၂ နာရီ အထိသာ လွယ်ဂျယ်နယ်စပ် စစ်ဆေးရေးဂိတ်မှတဆင့် ဝင်ရောက်ခွင့် ပြုမည်ဟူ၍ လည်း အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ရှိတွင် မိုးမောက်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာ အလိုက် Quarantine Center များ ဖွင့်လှစ်ထားပြီး စတင်လက်ခံနေပြီ ဖြစ်ကာ လူ ၅၀၀ ကျော်အထိ ထားရှိနိုင်ရန် ခန့်မှန်းထား သည်ဟု ဦးနေဝင်းက ပြောသည်။
ဦးနေဝင်း က “အခုလက်ရှိ အခြေအနေကတော့ အစိုးရရဲ့ဘတ်ဂျတ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ ရတယ်လို့လည်း မကြားဘူး။ ကျနော်တို့ မြို့မှာ ရှိတဲ့ လုပ်ငန်းရှင်တွေ စေတနာရှင်တွေ ဝိုင်းဝန်းပြီး ဝန်ထမ်းတွေက အစ အုပ်ချုပ်ရေးမှူး က အစ ထည့်ဝင်တဲ့ လှူဒါန်းငွေတွေနဲ့ ဆောင်ရွက်နေကြတာပါ”ဟု ပြောဆိုသည်။
တရုတ်နိုင်ငံဘက်မှ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသားဦးရေ ၁၈၀၀၀ ထဲတွင် ကချင်ပြည်နယ်မှ ၁/ မှတ်ပုံတင် ကိုင်ဆောင် ထားသူ ၃၀၀၀ ကျော်ရှိသည်ဟုသိရပြီး ကျန်ဦးရေများမှာ အခြားပြည်နယ်နှင့် တိုင်းများမှ ဖြစ်သည်ဟုလည်း သိရသည်။
မိုးမောက်မြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များတွင် တရုတ်မှ ပြန်လာမည့် မိုးမောက် ဒေသခံများကိုသာ လက်ခံရန် စီစဉ်ထားပြီး ကချင်ပြည်နယ်တွင်းရှိ အခြားမြို့နယ်များ၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူများ အားလုံးကို လက်ခံနိုင်ခြင်း မရှိဟု ဦးနေဝင်းက ပြောသည်။
ဆက်လက်ပြီး ဦးနေဝင်း က “သူ့ဒေသမှာပဲ သူ Quarantine လုပ်ပေါ့။ ကျနော်တို့ မိုးမောက်ကတော့ ကျနော်တို့ မြို့ပေါ် က လူပဲ လက်ခံမယ်။ ကျန်တဲ့ ဒေသတွေ ကျတော့ သူ့ဒေသကို သူ အကုန်ကားနဲ့ ပြန်ပို့မယ်။ ကားစရိတ်ကတော့ ပွင့်ပွင့် လင်းလင်း ပြောမယ်ဆိုရင် သူတို့ ပြန်ရင် သူတို့ ကားခပေးရမှာပဲ။ ကျနော်တို့ မြို့နယ်က တာဝန်ရှိသူတွေကတော့ ကားစရိတ်တော့ မခံနိုင်ဘူးပေါ့ဗျာ” ဟုလည်း ပြောဆိုသည်။
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းကလည်း ယနေ့ ပြန်လာမည့် လူဦးရေ ၂၀၀ ကျော် ထဲတွင် ကချင်ပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူဦးရေ ၁၁၀ ခန့် ပါဝင်သည်ဟု ပြောသည်။
လူမှုရေးဝန်ကြီး ဦးနေဝင်းက တရုတ်နိုင်ငံဘက်မှ ပြန်လာသူများကို ကချင်ပြည်နယ်အတွင်းရှိ Quarantine Center များတွင် ထားရှိကာ ၂၁ ရက် စောင့်ကြည့်ပြီးမှ နေရပ်ရင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပြန်ပို့မည်ဟုလည်း ပြော ဆိုသည်။
ကချင်ပြည်နယ်တွင်း Quarantine Center များတွင် လူပြည့်သွားပါက နယ်စပ်ဂိတ်မှ ပြန်လာမည့် သူများကို ခေတ္တ ရပ်ဆိုင်း ထားပေးရန်လည်း တရုတ်အာဏာပိုင်များနှင့် ညှိနှိုင်းထားသည်ဟု သိရသည်။
လူမှုရေးဝန်ကြီး ဦးနေဝင်းက “လွယ်ဂျယ်၊ ကန်ပိုက်တည်၊ ဗန်းမော်၊ မြစ်ကြီးနားပေါ့။ အဆင်သင့် လုပ်ထားပါတယ်။ မြို့တိုင်းမှာ Quarantine လုပ်ဖို့ အကုန် စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ ဖားကန့်ဆိုလည်း ဖားကန့်ပေါ့။ တခြားတိုင်းနဲ့ ပြည်နယ်က သူတွေလည်း ဒီမှာ Quarantine လုပ်ရမှာပါ။ လုပ်ပြီးမှသာ သူ့တိုင်းဒေသကြီးကို ပြန်ရမှာပေါ့”ဟု ပြော သည်။
ပြန်လာမည့် ဦးရေ ၁၈၀၀၀ တွင် ကချင်ဒေသခံများ အပါအဝင် အခြား ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ဒေသခံများ လည်း ပါဝင်ပြီး စာရင်းအတိအကျ ပြောပြနိုင်ခြင်း မရှိသေးကြောင်းလည်း လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောဆိုသည်။
COVID-19 ရောဂါပိုးကြောင့် ဧပြီ လဆန်းပိုင်းကလည်း ယူနန်ပြည်နယ် ဆစ်ဆောင် ပန်းနား ပြည်နယ်ခွဲမှ မြန်မာ အလုပ်သမားများကို မိခင်နိုင်ငံသို့ ပြန်ရန် စေလွှတ်ခဲ့သည်။
ထိုပြန်လွှတ်သူများထဲမှ မြန်မာနိုင်ငံသား ရခိုင်လူမျိုး ၂၅၀ ကျော် ပြန်လာရာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယန်း မြို့နယ် တွင် အစိုးရနှင့် လုံခြုံရေးဆိုင်ရာ အာဏာပိုင်များက ဝင်ခွင့်မပေးသဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) က ၎င်းတို့ အုပ်ချုပ်သည့် ဆီလူးဒေသသို့ ခေါ်ယူကာ နေရာထိုင်ခင်းနှင့် စားသောက်ရေးကို အကူအညီပေးထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သည့် COVID-19 ရောဂါပိုးသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့ပြီး မြန်မာနိုင်ငံတွင် လည်း မတ်လ ၂၃ ရက်က စ၍ ကူးစက်ခံရသူများ တွေ့ရှိခဲ့သည်။
ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက် ခံထား ရသူ ၈၅ ဦး ရှိပြီဖြစ်ပြီး ၄ ဦး သေဆုံးသွားပြီ ဖြစ်သည်။
ပြန်လည်ကျန်းမာလာသူ ၂ ဦးရှိပြီး ကျန်လူနာများမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း
အရေးပေါ်စည်းကမ်း မလိုက်နာက အချုပ်နှင့် ဒဏ်ငွေ တသိန်းဟု KNU ထုတ်ပြန်