ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်သားတဦးတွင် ကိုရိုနာဗိုင်းရပ်စ် COVID–19 ရောဂါလက္ခဏာများ တွေ့ရသဖြင့် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သံသယလူနာအဖြစ် ယနေ့ နံနက် အစောပိုင်းက စောင့်ကြည့်ကုသမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် က “လူနာက အသက် ၂၀ ရွယ်ရှိတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒီကနေနံနက် ၂ နာရီ ၁၅ မိနစ်လောက် ရောက်လာတာပါ။ ဆေးရုံကို သူကိုယ်တိုင် လာတက် တာပါ။ လောလောဆယ်တော့ ချောင်းဆိုးတဲ့ ရောဂါလက္ခဏာ ခံစားနေရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အထည်ချုပ်စက်ရုံလုပ်သား အမျိုးသမီးလူနာမှာ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းများ ခံစားနေရသည့် အတွက် ပုသိမ်ဆေးရုံမှ COVID – 19 ရောဂါ သံသယလူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကာ စောင့်ကြည့် ကုသမှုများ ဆောင်ရွက်နေပြီး ၎င်း၏ဓာတ်ခွဲနမူနာကို ယနေ့နံနက်ပိုင်းကပင် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုှဆိုင်ရာ ဌာနသို့ ဧပြီလ ၁၅ ရက်နေ့ညပိုင်းတွင် ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
ပုသိမ်ဆေးရုံကြီး၏ မေးမြန်းစစ်ဆေးမှုအရ အဆိုပါအမျိုးသမီးလူနာမှာ ကျန်းမာရေးမကောင်းသည့်အတွက် ဧပြီလ ၈ ရက်နေ့က စတင်၍ အလုပ်မဆင်းတော့ဘဲ အိမ်တွင်နားနေခဲ့ကြောင်း သိရသည်။ သံသယလူနာ အဖြစ်ပုသိမ်ဆေးရုံ၌ ကုသမှုခံယူနေသည့် အမျိုးသမီးလူနာမှာ ပုသိမ်စက်မှုဇုန်မှ ပေါ်ထွက်ခဲ့သည့် ၄ ဦးမြောက် သံသယလူနာဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ပုသိမ်စက်မှုဇုန်ရှိ မတူညီသော အထည်ချုပ်စက်ရုံ ၃ ရုံမှ တရုတ်စကားပြန် တဦး၊ ကွန်ပျူတာဝန်ထမ်းတဦးနှင့် အထည်ချုပ် ဝန်ထမ်းတဦးတို့မှာ ပုသိမ်ဆေးရုံ၌ COVID – 19 သံသယ လူနာ အဖြစ် တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရပြီး ဓာတ်ခွဲစစ်ဆေးမှုအရ COVID – 19 ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ပုသိမ်မြို့အခြေစိုက် အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဦးဆောင်သူတဦးဖြစ်သူ ဒေါ်ခခ က “ပုသိမ်စက်မှုဇုန်ကနေ သံသလူနာတွေ ပေါ်ထွက်နေတဲ့အတွက် အလုပ်သမားအများစုက အရမ်း စိုးရိမ်နေကြပါတယ်။ အကယ်၍များ စက်ရုံတရုံမှာသာ ကူးစက်ခဲ့ရင် ထိန်းချုပ်ဖို့ အရမ်းခက်သွားပါပြီ။ အစိုးရ အနေနဲ့က အခုလိုအခြေအနေမှာ အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးငွေတွေကို အရေးပေါ် ထုတ်သုံးပြီး အလုပ်သမားတွေကို ထောက်ပံ့ပေးကာ စက်ရုံတွေကို အချိန်ကာလတခုအထိ ယာယီပိတ်ထား သင့်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး အလုပ်သမားပေါင်း ၉ ထောင်ကျော် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ အထည်ချုပ် စက်ရုံများအားလုံးကို သင်္ကြန်ပိတ်ရက် အဖြစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ အချိန် ၁၀ ရက် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီလ ၂၀ ရက်နေ့တွင် စက်ရုံ ၇ ရုံမှာ တရက်တာ ပြန်လည်ဖွင့်လှစ်လည်ပတ်ခဲ့ပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ညွှန်ကြားချက်အရ ပုသိမ်စက်မှုဇုန်မှ အထည်ချုပ် စက်ရုံအားလုံးကို ဧပြီလ ၂၀ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်အတိုင်း ကိုဗစ် – ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို စက်ရုံအတွင်း အကောင် အထည်ဖော်မှု ရှိမရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးပြီးမှသာ စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။
ဒေါ်ခခ က “ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပက်သက်လို့ စက်ရုံတွေကို စစ်ဆေးရာမှာ အစိုးရက ပြတ်သားဖို့ လိုပါတယ်။ စစ်ဆေးတဲ့ ဌာနဆိုင်ရာများကလည်း ဟိုယခင်ကလို ပြီးပြီးရော စစ်ဆေးတာမျိုး မဖြစ်သင့်ပါဘူး။ ဒါက အသက်ပေါင်း များစွာနဲ့ ဆိုင်နေတဲ့ကိစ္စဖြစ်ပါတယ်။ သေချာစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်အတိုင်း ကိုက်ညီတယ်ဆိုတော့မှ စက်ရုံတွေကို ပြန်ဖွင့်ခွင့် ပေးသင့်ပါတယ်။ ပြန်ဖွင့်ပြီးလို့ လိုအပ်ချက်တွေရှိနေတာ တွေ့ခဲ့မယ်ဆိုရင် စက်ရုံကိုရော စစ်ဆေးတဲ့ဌာနဆိုင်ရာတွေကိုရော ထိထိရောက်ရောက် အရေးယူတာမျိုးတွေ လုပ်သင့်ပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဆေးရုံ၊ ဟင်္သာတဆေးရုံ၊ လပွတ္တာတဆေးရုံနှင့် မြောင်းမြဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက်ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိအချိန်အထိ ဧရာဝတီတိုင်း၌ ဗိုင်းရပ်စ်ပိုးတွေ့သူ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါပိုးရှိသူ ၁၂၃ ဦး တွေ့ရှိထားပြီး အဆိုပါလူနာများအနက် လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ၊ ဟူဝေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြန့်နှံ့ခဲ့သည့် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်မှာ လက်ရှိတွင် ကမ္ဘာတဝှမ်းလုံးရှိ လူပေါင်း ၂၆ သိန်းကျော် ရောဂါကူးစက် ခံထားရပြီး အဆိုပါလူနာများအနက် လူပေါင်း ၁ သိန်း ၈ သောင်း ၅ ထောင်ကျော် သေဆုံးခဲ့ကာ လူပေါင်း ၇ သိန်း ၂ သောင်းကျော်မှာ ရောဂါဖြစ်ရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတကာသုတေသနဌာန၏ Worldometers ဝက်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။