ထိုင်း-မြန်မာ နယ်စပ်မှ တဆင့် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားအလုပ်သမားအားလုံးကို တရားဝင် သွား ရောက် သည်ဖြစ်စေ၊ တရားမဝင်သွားရောက်ခဲ့သည်ဖြစ်စေ တန်းတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဖြစ် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
“တရားမဝင် အလုပ်သမားတွေကိုလည်း တရားဝင် အလုပ်သမားတွေလို ယုံယုံကြည်ကြည်နဲ့ လွတ်လွတ်လပ်လပ် ပြန်လာလို့ရတယ်။ အားလုံးညီတူပဲ ဆက်ဆံမယ်။ တရားမဝင်က တမျိုး၊ တရားဝင်က တမျိုး အဲဒီလိုမျိုး မဆက်ဆံဘူး။ အားလုံးပဲ တန်းတူညီတူ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ မနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တနသာင်္ရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် တို့နှင့် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ COVID-19 ဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှု ပြုလုပ်စဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အရေးယူမှု ပြုလုပ်ရန် အစီအစဉ် မရှိသဖြင့် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသူများ အနေဖြင့် ယုံယုံကြည်ကြည်ဖြင့် သက်ဆိုင်ရာကို အသိပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
“တရားဝင်သွားတာပဲ ဖြစ်ဖြစ် တရားမဝင် သွားတာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတွေဆိုရင် အားလုံး ပြန်လက်ခံမှာပဲ။ ဒါနဲ့ ပတ်သက်ပြီး ဒဏ်ပေးတာတို့ အပြစ်ပေးတာတို့ လုပ်မှာ မဟုတ်ဘူး။ အရေးကြီးတာကတော့ လာတဲ့အခါမှာ ယုံယုံ ကြည်ကြည်နဲ့ သက်ဆိုင်ရာကို အသိပေးဖို့ပဲ”ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “အသိ မပေးဘဲနဲ့ အိမ်တွေဘာတွေ ခိုးပြန်မယ်ဆိုရင် ကြောက်လို့ပေါ့နော်။ တရားဝင် သွားတာ မဟုတ်ဘဲနဲ့ တရားဝင် ပြန်ဝင်လာတာ မဟုတ်ဘူးဆိုပြီး စိုးရိမ်ပြီးတော့ အသိမပေးဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်တယ်။ ဒါကို စောင့်ကြည့်ပေးလို့လည်း မရဘူး။ ကျန်းမာရေး အရ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ အောင် လုပ်ခိုင်းလို့လည်း မရဘူး”ဟု ဆိုသည်။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသော တနင်္သာရီတိုင်းတွင် အလုပ်သမားများ တရားမဝင် ပြန်လည်ဝင်ရောက်လာမှု ရှိသော် လည်း စိုးရိမ်လောက်သည့် အရေအတွက် မဟုတ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က လည်း ထိုဆွေးနွေးမှု ပြုလုပ်စဉ်တွင် ပြောသည်။
“ပိတ်ထားတဲ့ ယခင်က တရားဝင် ဂိတ်တွေ ထီးခီး၊ မောတောင်၊ ကော့သောင်း တို့ဘက်က အပေါက်တွေ အဲဒီတွေကပဲ အများဆုံး ဝင်တယ်။ ကြားထဲတွေကတော့ နည်းနည်းပါးပါးပဲ ဝင်တယ်။ အရေအတွက်အားဖြင့်တော့ ကျနော်တို့ စိုးရိမ်သလောက် အများကြီး ဝင်တာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ တရားမဝင် ဝင်တာတွေကိုလည်း လက်ခံပြီးတော့ Facilities Quarantine ကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံက COVID-19 အရေးပေါ် အခြေအနေကို ၁ လ ထပ်မံတိုးမြှင့်လိုက်သဖြင့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် လုပ်သားမှာ မေလ ၁ ရက်နေ့မှ ယနေ့(မေလ ၅ ရက်) အထိတွင် ၁၆၀ ဦး ဝန်းကျင်သာ ရှိသေးကြောင်း မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
၎င်းက “ဝင်တာနည်းတယ် ဆိုတာက လတ်တလော ထိုင်းနိုင်ငံက COVID-19 အရေးပေါ် အခြေအနေကို နောက် ၁ လထပ်တိုးလိုက်တဲ့ အခါမှာ သူတို့ ပြန်လာရတာ အခက်အခဲ ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှ မေလ ၅ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၆၁ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၄၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်-
အစိုးရညွှန်ကြားချက် မလိုက်နာသည့် စက်ရုံများကို ချက်ချင်း စစ်ဆေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်
ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရနှင့် ညှိနှိုင်းနေ