သတင်း

တောင်ကိုရီးယားတွင် နေ့စဉ်ဘဝ ထိန်းချုပ်သွားလာနေထိုင်ရန် သတ်မှတ်

ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့လိုက်သော်လည်း နေ့စဉ်ဘဝ ထိန်းချုပ် သွားလာနေထိုင်ခြင်းအား ဗုဒ္ဓဟူးနေ့မှ စတင်ပြောင်းလဲ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် လူထုအနေဖြင့် ကမ္ဘာတဝန်း ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း တောင်ကိုရီးယားအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။

မူလတန်းနှင့် အလယ်တန်းကျောင်းသားများသည် ကျောင်းများသို့ ပုံမှန်ပြန်လည်သွားရောက်နေကြပြီး လူထုသည် ကာလကြာမြင့်စွာ လူမှုခွဲခြားနေထိုင်ခြင်းကို ငြီးငွေ့လာပြီးနောက် ပြတိုက်များနှင့် အားကစားရုံများကို အဆင့်အလိုက်ပြန်လည်ဖွင့်လှစ်ပေးနေပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားခြင်းကို ဖေဖေါ်ဝါရီလ နှောင်းပိုင်းက ကြုံတွေ့ရပြီးနောက် ရောဂါကူးစက်မှု နှေးကွေးသွားစေရန် မတ်လတွင် အစိုးရသည် လူမှုခွဲခြားနေထိုင်ခြင်း လမ်းညွှန်များကို ချမှတ်ခဲ့ရသည်။ အားကစားပွဲများနှင့် ဂီတပွဲများကို ချက်ခြင်းဖျက်သိမ်းခဲ့ပြီး စာသင်ကြားမှုများကို အွန်လိုင်းမှ လုပ်ဆောင်ခဲ့သည်။

အစိုးရသည် ထိုလူမှုခွဲခြားနေထိုင်မှု လမ်းညွှန်များကို ဗုဒ္ဓဟူးနေ့မှ စတင် ရုပ်သိမ်းပေးမည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောဂါကူးစက်မှု ၁၀၈၀၁ ခုဖြစ်ပွားခဲ့နေသော်လည်း ရောဂါကူးစက်မှုနှုန်းသည် တနေ့လျှင် ၁၀ ဦးခန့်သာရှိတော့ပြီး အချို့နေ့များတွင် ပြည်တွင်းကူးစက်မှု လုံးဝမရှိတော့ပေ။ မြို့တော်ဆိုးလ်တွင် အတည်ပြုနိုင်သော ကူးစက်မှုမတွေ့ရသည်မှာ နှစ်ပတ်ရှိပြီဖြစ်သည်။

ဝယ်ယူစားသုံးမှု ကျဆင်းခြင်းသည် စီးပွားရေးနှေးကွေးမှုကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်ရန် လိုအပ်သည်ဟု အစိုးရကမြင်သည်။

ဗိုင်းရပ်စ်ကူးစက်မှုကို ဆက်လက်တားဆီးရန် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ လက်များကို ပိုးသတ်ခြင်း၊ လူများနေသောနေရာများကို ရှောင်ကြဉ်ခြင်းနှင့် ဖျားနာနေသောအခါ အပြင်မထွက်ခြင်း စသည့် အခြေခံ ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန် အစိုးရက တိုက်တွန်းမည်ဖြစ်သည်။

သို့သော် ကန့်သတ်ချက်များ ရှည်ကြာလာသည်နှင့်အမျှ အချို့သောတောင်ကိုရီးယားနိုင်ငံသားများသည် လူမှုခွဲခွာနေထိုင်ရေး စည်းမျဉ်းအချို့ကို လိုက်နာခြင်း မရှိကြတော့ပေ။ အပန်းဖြေ ထွက်စရာ နေရာများတွင် ကြာသပတေးနေ့ကစတင်သည့် ၆ ရက်ကြာ အားလပ်ရက်တွင်း လူများဖြင့်ပြည့်နေပြီး အချို့သည် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းမရှိကြပေ။

နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းကဲ့သို့သော စည်းကမ်းများသည် မိမိတို့၏ လွတ်လပ်မှုကို အမြန်ဆုံးပြန်လည်ရရှိစေမည့် နည်းလမ်းဖြစ်သည်ဟု သမ္မတ မွန်းဂျေအင်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကိုးကား။ ။ Kyodo

You may also like these stories:

ဗီယက်နမ်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် စတင်

ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲ

COVID-19 စောင့်ကြည့်ခံခဲ့ရသည့် ခွေးလေးဂျက်ကီ အခြေအနေ

Loading