ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဆန်သွားသယ်သည့် စစ်ဘေးရှောင်ဒုက္ခသည်များ လမ်းခုလတ်တွင် ပစ်ခတ်ခံရပြီး အမျိုးသား တဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။
ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေး ကူညီရေးအဖွဲ့၏ အတွင်းရေးမှူး ဦးကျော်အောင် က “အသွားမှာ လမ်းမှာ တောထဲ တနေရာက ပစ်တယ်လို့သိရပါတယ်။ အပစ်ခံရတဲ့ သူက ဦးမျိုးသန့်၊ အသက် ၄၆ နှစ်ပါ။ သူက ပွဲချင်းပြီး ဆုံးသွားပါတယ်။ ကျန်တဲ့ သူတွေ ဘယ်လို ဒဏ်ရာရတယ်။ ဘာဖြစ်တယ်ဆိုတာ ကျနော်တို့ မသိရသေးပါဘူး”ဟု ပြောသည်။
ဦးမျိုးသန့်သည် စိမ့်စင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်တဦး ဖြစ်သည်။
သေဆုံးသွားသူတွင် ဇနီး၊ ၈ နှစ်အရွယ်နှင့် လသားအရွယ် သားသမီး ၂ ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ယနေ့ မနက်ပိုင်းက ဦးမျိုးသန့်အပါအဝင် စိမ့်စင်းဝ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၂၀ က နေရပ်ရင်း နန်းချောင်းဝကျေးရွာသို့ ပြန်ပြီး ကားဖြင့် ဆန်သွား သယ်ကြခြင်း ဖြစ်သည်။
နန်းချောင်းဝကျေးရွာသည် ဧပြီ ၇ ရက်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သည့် ဧရိယာထဲတွင် ပါဝင်ပြီး ဒေသခံ ၇ ဦး သေဆုံးကာ ရွာရှိ နေအိမ်များလည်း မီးလောင်ထားသည့် ရွာဖြစ်သည်။
စိမ့်စင်းကျေးရွာနှင့် နန်းချောင်းဝကျေးရွာသည် ၃ မိုင်ခန့်သာ ကွာဝေးသည်။
ဆန်သွားသယ်သည့် လမ်းခုလတ်၊ နန်းချောင်းဝကျေးရွာသို့မရောက်မီ တောတွင်းတနေရာမှ လှမ်းပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည့် ဒေသတခုဖြစ်သည်။
ဦးကျော်အောင်က မျက်မြင်မတွေ့ရသဖြင့် မည်သည့်ဘက်မှ ပစ်ခတ်သည်ကို မပြောနိုင်ပါ ဟု ပြောသည်။
ဦးကျော်အောင် က “ပလက်ဝမှာ မြန်မာ့တပ်မတော်ရယ် AA ရယ် ၂ ဖွဲ့ပဲရှိတယ်။ ဒီ ၂ ဖွဲ့ပဲ တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲကတော့ ဖြစ်မှာပဲ။ ဒါပေမယ့် အရပ်သားကို နည်းနည်းတော့ ကြည့်ရှု ကာကွယ်ဖို့ လိုတယ်လို့ ထင်တယ်။ အခုက တွေ့တဲ့ နေရာ၊ လူထုလား၊ AA လား၊ မြန်မာ့ တပ်မတော်လား မခွဲခြားပဲ ဒီလိုလုပ်တာက လူထု အနေနဲ့က တော်တော်လေးကို စိုးရိမ်နေပါတယ်။ ရွာကနေ အပြင်ထွက်ဖို့တောင် ကြောက်နေရပါပြီ” ဟု ပြောသည်။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့ ဘက်မှ အခြေခံစားနပ်ရိက္ခာများကို ဝယ်ယူ သုံးစွဲနေရသည့် မြို့နယ်ဖြစ်ပြီး တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်းလမ်းသည်လည်း လုံခြုံမှု မရှိပါ။
မတူပီမြို့ဘက်သို့ ထွက်သည့် ပလက်ဝ-ဆမီး လမ်းသည်လည်း အရပ်သားများ ဖြတ်သန်း သွားလာရန် မလုံခြုံဘဲ လုံခြုံရေးအရ တားမြစ်ထားသဖြင့် သွားလာ၍ မရဖြစ်နေသည်။
ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီကတည်းက တိုက်ပွဲများ ပြင်းထန်ပြီး စစ်ရေးတင်းမာ နေသဖြင့် အရပ်သားများ နှင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေရ သည်ဟု သိရသည်။
ယနေ့ မနက်ပိုင်းတွင် ပစ်ခတ်ခံရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရဘက်မှ ထောက်ပံ့သည့် ဆန်များမှာလည်း လုံလောက်မှု မရှိသဖြင့် နေရပ်ရင်းရွာသို့ ဆန်သွားသယ်ကြခြင်း ဖြစ်သည်ဟု သိရသည်။
ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေက ယနေ့မနက်ပိုင်းတွင် ပစ်ခတ်ခံရသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် တပ်မတော်၊ တပ်စခန်းများကို အကြောင်းကြားပြီး ခွင့်ပြုချက်ယူကာ နန်းချောင်းဝ ကျေးရွာသို့ ဆန်သွားသယ်ကြခြင်း ဖြစ်သည်ဟု ပြောသည်။
သို့သော်လည်း ထိုပစ်ခတ်မှုမှာ တပ်မတော်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောကြောင်း မမိုင်နန်းဝေက ပြောသည်။ ဧရာဝတီက ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်များနှင့် တိုက်ရိုက် ဆက်သွယ်မှု မရခဲ့သလို သီးခြား အတည်ပြုနိုင်ခြင်းလည်း မရှိပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စိမ့်စင်းဝကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်များ ပစ်ခတ်ခံရသည့် သတင်းကို မသိရှိသေးကြောင်း နှင့် တပ်မတော် ဘက်မှ ပစ်ခတ်စရာ အကြောင်းမရှိပါဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က“စိမ့်စမ်းဝ နဲ့ အဲ့ဘက်ကြားမှာ WFP ယာဉ်တန်းတက် လာတုန်းကလည်း ပစ်ခံရတာမျိုးရှိတယ်။ အဲ့ကနေ ဆန်သယ်တာတို့ လုပ်ပေးနေတာ ဟိုဘက်ကမ်းက လူမှုအဖွဲ့အစည်း တွေနဲ့ ဒီဘက်နဲ့ တပ်နဲ့လည်း လုပ်ပေးနေတာပဲလေ”ဟု ပြောသည်။
ဧပြီ ၃၀ ရက်က ဒုက္ခသည်များအတွက် ဆန်ရိက္ခာ လာပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၏ ယာဉ် ဆမီးမြို့မှ ပလက်ဝမြို့သို့သွားသည့် လမ်းတွင် ပစ်ခတ်ခံရသည်။
ထိုပစ်ခတ်မှုတွင် တပ်မတော်က AA ပစ်ခတ်သည်ဟု ပြောပြီး AA က ၎င်းတို့ မဟုတ်ပဲ တပ်မတော်က ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ငြင်းဆိုထားသည်။
အရပ်သားများ၏ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် ပစ်ခတ်ခံရခြင်း၊ မလုံခြုံခြင်းမှာ နှစ်ဖက်တပ်များတွင် တာဝန်ရှိပြီး အရပ်သားများ၏ စားနပ်ရိက္ခာလမ်းကြောင်းကို နှောင့်ယှက်ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာ ဖြစ်သည်ဟု မမိုင်နန်းဝေက ဆိုသည်။
၎င်းကဆက်၍ “ကျမတို့ လူထုက ခွင့်ပြုချက်တောင်းရင် ခွင့်ပြုတယ်လို့ ပြောလို့ ခွင့်ပြုချက်နဲ့ သွားတာ ဖြစ်တယ်။ ဘယ်ဘက်ကဖြစ်ဖြစ် ခွင့်ပြုတယ်ဆိုရင် စစ်တပ်က လုံခြုံရေးအနေနဲ့ လိုက်ပေးရင် ကောင်းတယ်။ မလိုက်ပေးရင်လည်း လမ်းမှာ အချင်းချင်း လုံခြုံအောင် လုပ်ပေးရမှာ သူတို့တာဝန်ဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကို လုပ်ပေးရမှာက စစ်တပ်ရဲ့ တာဝန်လို့ ကျမတို့က နားလည်ပါတယ်” ဟုလည်း ပြောသည်။
ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ ရရှိသည့် ငွေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းပြည်နယ် အစိုးရ အဖွဲ့တို့မှ ဆန်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့သော်လည်း ပလက်ဝမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ လုံလုံလောက်လောက် ရရှိခြင်း မရှိပါ။
မေ ၂၆ ရက်ကလည်း ပလက်ဝမြို့နှင့် ကုလားတန်မြစ်သာ ခြားသည့် မျက်နှာချင်းဆိုင်တဖက်ကမ်းရှိ အောက်မီးလက်ဝ ကျေးရွာ မီးရှို့ခံခဲ့ရသည်။
အောက်မီးလက်ဝကျေးရွာသည် မတ် ၈ ရက်မှ စ၍ ဒေသခံများ ထွက်ပြေးသွားသဖြင့် လူမရှိသည့် ရွာ ဖြစ်သည်။
မေ ၃၀ ရက်တွင် ပလက်ဝမြို့ဘက်မှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ ထမင်းဟင်းချက်ရန် ထင်းလိုအပ် နေသဖြင့် နေရပ်ရင်းရွာ၊ အောက်မီးလက်ဝကျေးရွာသို့ ပြန်သွားယူရန် လှေဖြင့် ကူးစဉ် ပစ်ခတ်ခံရပြီး ဒုက္ခသည်အမျိုးသမီးတဦး သေဆုံးထားသည်။
အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရခြင်းနှင့် ချင်းအမျိုးသမီးတဦး ပစ်ခတ်ခံရပြီး သေဆုံး သည့် ဖြစ်စဉ်များတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးက ၎င်းတို့ မလုပ်ကြောင်း ငြင်းဆိုကြကာ အပြန်အလှန် စွပ်စွဲ ငြင်းခုန်နေကြသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ခိုက်မှုများကြားတွင် ပလက်ဝမြို့နယ်တွင်း ဇန်နဝါရီမှ ယနေ့ထိ အရပ်သား သေဆုံးသူ ၄၁ ဦး ရှိပြီဖြစ်သည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ပလက်ဝမြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်း ၄ခုတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၁၀၀၀ ကျော် ရှိသည်။
ပလက်ဝမြို့နယ်မှ ထွက်ပြေးလာပြီး ရန်ကုန်မြို့တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၃၀ ကျော် ရှိသည်။
You may also like these stories:
ပုဂံ လောကထိပ်ပန်ဘုရား အဝင်တံခါး မီးရှို့ခံရ
ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ
ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ