မြန်မာ့တပ်မတော်နှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့ကြား စစ်ဘက်ဆက်ဆံရေးနှင့် ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်း ဖက်သမားများ ခိုအောင်းမှု မရှိနိုင်စေရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E Mr.Rajnath Singh တို့ တွေ့ ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
မနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားသို့ ရောက်ရှိနေစဉ် ယမန်နေ့က မော်စကိုမြို့ ရှိ Metropol ဟိုတယ်တွင် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးတို့ တွေ့ ဆုံခဲ့ကြခြင်း ဖြစ်သည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အိန္ဒိယတပ်မတော်နဲ့က နဂိုကတည်းက ချစ်ကြည်ရင်းနှီးမှု ရှိပြီးသား ဖြစ်ပါ တယ်။ ငြိမ်းချမ်းစွာနေထိုင်ရေး မူကြီး ၅ ရပ်ကို စတင်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နယ်စပ် ဒေသ စီမံခန့်ခွဲမှုနဲ့ အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ မူဝါဒအရ အိမ်နီးချင်းနိုင်ငံတခုကို မြန်မာ့မြေပေါ်တွင် ခြေကုတ်ယူပြီး လာရောက်အခြေချသည့် မည့်သည့် လက်နက်ကိုင်အဖွဲ့ကိုမဆို လက်ခံမည် မဟုတ်ကြောင်း၊ ထိုမူဝါဒအရ စစ်ကိုင်းတိုင်း၊ ခန္တီးဒေသတွင် နေထိုင်နေသည့် ကသည်းသူပုန်များကို တပ်မတော်က စစ်ဆင်ရေးတခု ၂၀၁၉ ခုနှစ်တွင် လုပ်ပေးခဲ့ဖူးကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က မြန်မာနိုင်ငံတွင် အခြေစိုက်လှုပ်ရှား၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန် အဖွဲ့ဝင် ၂၂ ဦးကို စစ်ကိုင်းတိုင်း၊ ခန္တီးလေဆိပ်တွင် အိန္ဒိယ အစိုးရထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ထို့ပြင် အိန္ဒိယထံမှ ဝယ်ယူထားသည့် ရုရှားနိုင်ငံလုပ် ကီလိုအမျိုးအစား မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘောကိုလည်း အိန္ဒိယ နိုင်ငံမှ ရေငုတ်သဘောင်္ဆိုင်ရာ နည်းပညာ အကူအညီများ ဆက်လက် ပံ့ပိုးပေးလျက်ရှိကြောင်းလည်း သိရသည်။
“အိန္ဒိယရေငုတ်သဘောင်္က မတ်လ ၂၇ ရက်နေ့ မတိုင်ခင်ကတည်းက တပ်တော်ဝင်ဖို့ ရှိပေမယ့် ကိုဗစ်ဖြစ်လာလို့ ယာယီ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ အခြေအနေတခု ပြန်တည်ငြိမ်လာရင် တပ်တော်ဝင်ဖို့ ဆက်လက်ဆောင်ရွက်ပါလိ့မ်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံသို့လည်း အိန္ဒိယနိုင်ငံမှ စစ်ရေယာဉ်များ အလည်အပတ် ရောက်ရှိလျက်ရှိပြီး ပြန်လည်ထွက်ခွာသည့် အခါတိုင်း တွင် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်၌ မြန်မာရေတပ်နှင့် ပူးပေါင်းပြီး ပင်လယ်ပြင် လုံခြုံရေးနှင့် ပူးပေါင်းလေ့ကျင့်ရေး လုပ် ငန်းများကို ခရီးစဉ်တိုင်း နီးပါးတွင် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“မြန်မာတပ်မတော်အနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကို ပိုပြီး အလေးထားလာတာက တရုတ်နိုင်ငံနဲ့ အင်အား ချိန်ခွင်လျှာ မျှဖို့
ဖြစ်နိုင်တယ်။ ၂ နိုင်ငံကြားမှာ ကာကွယ်ရေးလက်နက်၊ ပစ္စည်း၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေမျိုး
တွေက အဓိက ရှေ့တန်းရောက်လာလိမ့်မယ်လို့ မြင်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြော
သည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယ တပ်မတော်တို့ ၂ ခု စလုံးသည် နယ်စပ်ဒေသ တည်ငြိမ်ရေးကို လိုလားလျက်ရှိကြောင်း ၎င်းက ပြောသည်။
တပ်ချုပ်နှင့် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးတို့ကြား ဆွေးနွေးပွဲတွင် ၂ နိုင်ငံ နယ်စပ်တွင် အကောင်အထည် ဖော်နေသည့် ကုလားတန် စီမံကိန်း အောင်မြင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ ကြသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသကို ထိန်းချုပ်ရန် ကြိုးစားနေသည့် ရက္ခိုင်စစ်တပ်(AA) ၏ နှော က်ယှက်မှုများကြောင့် ကုလားတန် စီမံကိန်း ရှေ့မဆက်နိုင်ခြင်း ဖြစ်ပြီး ယင်းနောက်ကွယ်တွင် တရုတ်နိုင်ငံက မြှောက်ပေး နေသည်ဟု အိန္ဒိယက ယုံကြည်လျက်ရှိကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တချို့ ပြောသည်။
ထို့ပြင် ယခုနောက်ပိုင်း ရခိုင်ပြည်နယ် စစ်ပွဲများတွင် AA အဖွဲ့ ၏ မိုင်းထောင်တိုက်ခိုက်မှုများ၊ အသုံးပြုလာသည့် အခြား လက်နက်များသည့် ပြည်ပ အင်အားကြီး အဖွဲ့ တခုက ထောက်ပံ့နေကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသော် လည်း မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့ အစည်း ဆိုသည်ကိုမူ ထုတ်ဖော်ခြင်း မရှိပေ။
အိန္ဒိယ တပ်မတော်ကလည်း မြန်မာဘက်သို့ သတင်းအချက်အလက်များ ပေးပို့ပေးနေသည်ဟု ဆိုသော်လည်း မည်သည့် အချက်အလက်များ ဖြစ်ကြောင်း တပ်မတော်တာဝန်ရှိသူများက ထုတ်ဖော်ခြင်း မရှိပါ။
AA အဖွဲ့ အသုံးပြုသည့် နည်းပညာများထဲတွင် ရီမုခလုတ်ကို နှိပ်၍ တိုက်ခိုက်နိုင်သည့် နည်းပညာ၊ လမ်းလျှောက် စကားပြောစက်ဖြင့် တိုက်ခိုက်နိုင်သည့် နည်းပညာ၊ ယခုနောက်ပိုင်း ဝိုင်ဖိုင်ချိတ်၍ ခွဲလို့ရသည့် နည်းပညာတို့ပါ ရှိလာသဖြင့် အိန္ဒိယနိုင်ငံ၏ သတင်းစကားမှာ မှန်ကန်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုဖူးသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုနှစ် မတ်လ ၂၇ ရက်နေ့က မကျင်းပ ခဲ့ရသည့် တပ်မတော်၏ ၇၅ နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြန်လည်ကျင်းပနိုင်ရေး စီစဉ်နေကြောင်း ရုရှားနိုင်ငံ အခြေစိုက် RT သတင်းဌာနသို့ ပြောဆိုခဲ့သေးသည်။
“တပ်မတော်နေ့ အခမ်းအနားကလည်း ကိုဗစ်-19 ကို တစုံတခုသော အခြေအနေထိ ပြန်လည် ထိန်းချုပ်နိုင်ပြီဆိုရင် လုပ်ဖို့ အတွက် ယခင် ကြေညာချက်ကတည်းက ရည်ရွယ်ထားပြီး ဖြစ်တယ်။ အခြေအနေတခု ပေးလာတယ်ဆိုရင် လုပ်နိုင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
Victory Day of Great Patriotic War အခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံက နိုင်ငံတကာမှ စစ်ဘက်၊ အရပ် ဘက် ခေါင်းဆောင်များကို ဖိတ်ကြားထားသဖြင့် သမ္မတများ၊ ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကာကွယ်ရေး ဝန်ကြီးများ တက်ရောက်လျက်ရှိရာ မြန်မာကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လျက် ရှိပြီး ခရီးစဉ်မှာ တပတ်ကြာမြင့်မည်ဟု သိရသည်။