ဝင်ငွေနည်း ပြည်သူများကို အလုပ်အကိုင်ပေးမည့် “Cash For Work” စီမံကိန်း ဇူလိုင်လ၂၁ ရက်တွင် တနိုင်ငံလုံး၌ စတင်မည် ဖြစ်ကြောင်း သိရသည်။
Cash for Work ဆိုသည်မှာ COVID 19 ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်သော ကျေးလက်ဒေသများရှိ မိသားစုများ၏ ဝင်ငွေရရှိရေး လုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့်အတွက် ၎င်းတို့ ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရုံသာမက ရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေသည့် စီမံကိန်း ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော်က “အခုလ၂၁ ရက် ဆိုရင် တချို့ ကျေးရွာတွေက လုပ်ငန်းတွေကို စတင်မှာ ဖြစ်တယ်။ စီမံကိန်း စမှာတော့ တနိုင်ငံလုံးကို တပြိုင်နက်တည်း ဆိုပေမယ့် ကိုယ့်မြို့နယ်နဲ့ ကိုယ်လုပ်ကြတာ ဖြစ်တဲ့အတွက် မြို့နယ်တိုင်းကတော့ ပြိုင်တူ စ မယ်။ ကျေးရွာကတော့ ပြိုင်တူ မစနိုင်ဘူးပေါ့။ အခု ဘဏ္ဍာနှစ်နဲ့ တွက်ရင် နောက်ထပ်၂ လ ကျန်သေးတဲ့အတွက် ဒီသြဂုတ်လနဲ့ စက်တင်ဘာမှာ အပြီး ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံး တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၇ ခုရှိ မြို့နယ်ပေါင်း၂၅၀ ကျော်၊ ကျေးရွာပေါင်း ၂၄၀၀ ကျော်တွင် Cash For Work စီမံကိန်းကို လုပ်ဆောင်သွားမည် ဖြစ်ပြီး လုံခြုံရေးအရ သွားလာရ ခက်ခဲသည့် တချို့နေရာများကိုမူ လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း သိရသည်။
ယင်းစီမံကိန်းအတွက် ကျေးရွာဖွံ့ဖြိုးမှု လုပ်ငန်းများကို လူထုကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်ပြီး စီမံကိန်း ကာလ ၃ လတာ အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။
စီမံကိန်း လုပ်ငန်းများ ရွေးချယ်ရာတွင်လည်း နည်းပညာ ရှုပ်ထွေးမှု မရှိဘဲ ရိုးရှင်းလွယ်ကူသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုသာ ရွေးချယ် လုပ်ဆောင်ရမည် ဖြစ်ကာ ဥပမာ- လမ်းပြုပြင်ခြင်း၊ လမ်းအဆင့် မြှင့်တင်ခြင်း၊ သောက်သုံးရေကန်များ ပြုပြင်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်း၊ ရေနုတ်မြောင်းနှင့် ရေဆိုးမြောင်း တူးဖော်ခြင်း၊ မြေသားရေ ကန် တူးဖော်ခြင်း အစရှိသည့် ကျေးရွာအသီးသီးက မိမိတို့ ကိုယ်တိုင် ရွေးချယ်သော လုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။
ယခု ကိုဗစ်ကာလတွင် ထိခိုက်သွားသော လုပ်သားများ၊ နိုင်ငံခြားက နေရပ်ပြန် အလုပ်လက်မဲ့ လုပ်သားများ အစရှိသည် တို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ရပ်ကျေး ဥက္ကဋ္ဌများ ပူးပေါင်းကာ ကျေးရွာ ပေါင်း၂၄၀၀ ကျော်ကို ဦးစားပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချူပ် ဦးခန့်ဇော်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ကျေးရွာကို ဘာကြောင့် ဦးစားပေးလဲဆိုတော့ မိုးကလည်း ရွာနေပြီ အကုန်လည်း မလုပ်နိုင်တော့ တဲ့အတွက် ဒီလို ပုံစံနဲ့ ရွေးလိုက်တယ်။ ကိုဗစ်ကာလမှာ အရာရာက ထိန်းချုပ်ပြီးသား ဖြစ်သွားတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း မရှိကြဘူး။ ဒါကြောင့် ဝင်ငွေမရှိဘူး။ စားဖို့အတွက် လိုတယ်။ အဲဒီလို လူတွေကို ကျေးရွာတွေမှာ လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း တခု လုပ်ပြီးတော့ လုပ်အားခ ရအောင် ပေးမယ်” ဟု ဆိုသည်။
စီမံကိန်းကို မြို့နယ်နှင့် ကျေးရွာများ အားလုံးနီးပါးကို မိတ်ဆက်ပေးပြီးသည့်အပြင် ဦးဆောင်လုပ်ကိုင်မည့် ကော်မတီအဖွဲ့ များလည်း ဖွဲ့စည်းပြီးခြင်း၊ ဝန်ထမ်းများကို သင်တန်းများလည်း ပေးပြီးသည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန က သိရသည်။
မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ကြည်က “ဒါကတော့ COVID 19 ဖြစ်ပေါ်လာတဲ့ အတွင်းမှာ စီးပွားရေးအရ နှောင့်နှေးတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းနေတာအတွက် အလုပ်အကိုင် အခွင့် အလမ်း ရရှိဖို့ အတွက်နဲ့ ကျေးရွာအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းပြီးအောင် ဖော်ဆောင်ရင်း လုပ်တာ ဖြစ်ပါတယ်။ အခက်အခဲ ဖြစ်တာကို ယာယီဖြေရှင်းနိုင်တဲ့ အနေအထား ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
Cash For Work စီမံကိန်း မစတင်ခင် တိုင်းနှင့် ပြည်နယ် တခုစီ၏ ကျေးရွာ ၁ ရွာကို ကနဦး ရှေ့ပြေးစီမံကိန်း အနေနှင့် စတင်လေ့ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်တွင် ကနေဦး စီမံကိန်းအနေဖြင့် ထန်းပင်လှ ကျေးရွာ၌ ဆောင်ရွက်ပြီး စီးသွားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုပဲ ကျမတို့ ကွင်းဆင်း ဆောင်ရွက်နေတာ၊ ဒီရက်ပိုင်း အတွင်းမှာပဲ မုံရွာမှာ ကျန်တဲ့ ကျေးရွာ ၇ ရွာကို စတင် လုပ် ဆောင်မှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ၃ လအတွင်း အပြီး လုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဆွဲထားလို့ မရဘူး။ အကောင်အထည် ဖော်မယ့် ကျေးရွာ ကော်မတီတွေကို ဖွဲ့စည်းပြီး ဆောင်ရွက်မှာပါ။ ဖွဲ့စည်းလို့လည်း ပြီးပါပြီ” ဟု ဒေါ်အောင်ကြည် က ပြောသည်။
လုပ်သားများ ခန့်ရာတွင် အသက်အရွယ် သတ်မှတ်ချက် မရှိကြောင်း၊ လုပ်ငန်း လုပ်ကိုင်နိုင်သည့် အပေါ် မူတည်၍ ရွေး ချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျေးရွာ ၁ ရွာကို ကျပ် သိန်း ၁၀၀ နှုန်း သတ်မှတ်ထားပြီး တခြားလိုအပ်သော ထောက်ပံ့ စရိတ်များ ပေါင်းစည်းမည်ဆို လျှင် Cash For Work စီမံကိန်းတခုလုံးအတွက် နိုင်ငံတော်က ဘတ်ဂျက် ကျပ် ၂၅ ဘီလီယံကျော် သတ်မှတ်ထားသည်။
လုပ်သားများ၏ လုပ်ခလစာကို တရက် အခြေခံ လုပ်အားခ တဦးလျှင် အနိမ့်ဆုံး ကျပ် ၄၈၀၀ မှ အမြင့်ဆုံး ကျပ် ၆၀၀၀ ကြားအထိ သတ်မှတ်ထားပြီး ဒေသတခု ချင်းစီ လိုက်၍ အနည်းငယ် ကွဲပြားမည် ဖြစ်သည်။ ကျေးရွာများ၏ သဘောထား သတ်မှတ်ချက်ပေါ် မူတည်၍ တချို့ ကျေးရွာများက တရက်လုပ်အားခ ကျပ် ၄၈၀၀၊ တချို့က ကျပ် ၅၀၀၀၊ တချို့က ကျပ် ၅၅၀၀ အစရှိသဖြင့် ညိုနှိုင်းဆောင်ရွက်ရသည်များ ရှိကြောင်း သိရသည်။
ထို့အပြင် စီမံကိန်းတွင် ကျွမ်းကျင်လုပ်သားများလည်း လိုအပ်မည် ဖြစ်သောကြောင့် ၎င်းတို့၏ လုပ်အားခကို ပြင်ပ ပေါက် ဈေးအတိုင်း ပေးဆောင်ပေးသွားမည်လည်း ဖြစ်သည်။
ဦးခန့်ဇော်က “ကျနော်တို့ ရွာ ၁ ရွာကို ကျပ်သိန်း ၆၀ လုပ်အားခပေးမယ်ဆိုရင် ပျမ်းမျှ တရက်လုပ်အားခ ကျပ် ၅၅၀၀ နဲ့ တွက်ရင် ကျေးရွာ ၁ ရွာမှာ လုပ်သားဦးရေ ၁ ထောင်ကျော်လောက်ရတယ်။ ဒါဆိုရင် လုပ်သား ၃၅ ယောက်လောက် နေ့ စဉ် လုပ်ရင် ၁ လလောက် အလုပ် လုပ်ရမယ်။ ဒါကြောင့် အလုပ်လုပ်ရက် ရက်ပေါင်း ၂၀ နဲ့ ၃၀ ကြားမှာ သွားမှာဖြစ် တယ်” ဟု ရှင်းပြသည်။
ထို့ကြောင့် Cash For Work စီမံကိန်းသည် ခန့်မှန်းချေ ပျမ်းမျှ တရက် လုပ်အားခ ၅၅၀၀ ကျပ်နှင့် တွက်ကြည့်ပါက တနိုင် ငံလုံး အနေနှင့် လုပ်သား ဦးရေ စုစုပေါင်း ၂ ဒသမ ၇ သန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများကို ယာယီပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒုတိယအကြိမ် ကိုဗစ်ချေးငွေ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဦးစားပေးမည်
အရန်ဆန်များကို သက်သာသော ဈေးနှုန်းနှင့် ပြည်သူများထံ ရောင်းချပေးမည်
အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ