ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က စစ်သားသစ် စုဆောင်းသည်ဟူသည့် သတင်းကြောင့် ကျေးရွာ ၃ ရွာမှ အရပ်သား ၂၁၈ ဦး သည် နေရပ်ရင်းမှ ထွက်ပြေးကာ လားရှိုးမြို့ပေါ်သို့ လာခိုလှုံနေကြသည်ဟု သတင်းရရှိသည်။
ထွက်ပြေးလာကြသူများသည် လားရှိုးမြို့နယ်တွင်းရှိ ပန်ခမ်၊ ပန်စမ်၊ နမ့်မော်ခွန် ကျေးရွာတို့မှ ဖြစ်ကာ စက်တင်ဘာ ၁ ရက်၊ ညနေပိုင်းက စတင်ကာ လားရှိုးမြို့ပေါ်ရှိ မန်ဆူ ကျောင်းတိုက်သို့ လာရောက် ခိုလှုံကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ တအန်းလူမျိုးများ ဖြစ်ပြီး ရှမ်းလူမျိုးများလည်း အနည်းငယ် ပါဝင်ပြီး လက်ရှိတွင် ကျောင်းအတွင်းရှိ ဇရပ်များတွင် နေရာချထားပေးကြောင်း သိရသည်။
မန်ဆူကျောင်းတိုက်၏ ဂေါပက ဦးစိုင်းအောင်က “သူတို့ပြောတာ လူတောင်းတယ်တဲ့။ ၁ အိမ် ၁ ယောက်တဲ့။ မပေးတော့ လာယူမှာ ကြောက်လို့ ရှောင်လာကြတာပေါ့။ အခု ဒီကို ရောက်နေတာ လူဦးရေက ၂၁၈ ယောက်၊ မနေ့က စာရင်းပါ။ ထပ်တိုး စာရင်းတော့ မသိသေးပါဘူး” ဟု ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းအောင်က “လောလောဆယ်တော့ ပြန်မယ့် အသံ မကြားသေးဘူး။ ရွာမှာ ကျန်တဲ့သူတွေကလည်း သူတို့ကို ပြောမှာပေါ့။ မအေးချမ်းရင်တော့ ပြန်ဦးမှာ မဟုတ်ဘူး ထင်တယ်။ လောလောဆယ်တော့ ဆရာတော်ကပဲ ရှိတာကို ထုတ်ပြီးတော့ ကျွေးမွေးပြီး နေရာထိုင်ခင်း ပေးထားပါတယ်။ အဝတ်အစားတို့ ဆေးကုတာတို့ တနိုင်တပိုင် ကတော့ ပံ့ပိုးထားပါတယ်”ဟု ရှင်းပြသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ဒေသခံအချို့က ထွက်ပြေးလာသူများ နေထိုင်သည့် ကျေးရွာသည် TNLA လှုပ်ရှားပြီး တအိမ်တယောက် လူသစ်စုဆောင်းသည်မှာလည်း TNLA ဖြစ်သည်ဟု ပြောကြသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က အရပ်သားများ ထွက်ပြေးသည့် အကြောင်းကို သတင်းတွင် ဖတ်ရ၍ လူစုခြင်း ရှိ၊ မရှိ မေးရန် ၎င်း၏ နယ်မြေခံတပ်ဖွဲ့များကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပါဟု ပြောသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က
“ကျနော်တို့ကတော့ မူဝါဒရှိတယ်။ ယောက်ျားသား ၂ ဦးရှိရင် တယောက်က တာဝန် ထမ်း ဆောင်ရမှာ ဖြစ်တယ်။ ကျနော်တို့ သတ်မှတ်ထားတာ ရှိတယ်။ အခုကိစ္စကတော့ လူစုဆောင်းမှု ရှိ၊ မရှိတော့ မသိရ သေးဘူး။
သတင်းမှာ ကြည့်တာ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်နေတယ်။ ပြောမယ်ဆို စစ်သား စုဆောင်းရင် ယောင်္ကျားတွေပဲ ထွက်ပြေးရမှာ” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းသည် လူမျိုးအလိုက် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အပြင် တပ်မ တော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များလည်း အများအပြား လှုပ်ရှားပြီး မကြာခဏ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် ဒေသ ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ရောဂါကို ထိန်းချုပ်ကုသနိုင်ရေးအတွက်ဟု ဆိုကာ စက်တင်ဘာ လကုန်ထိ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားပြီး ထိုထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသည်လည်း အကျုံးဝင်သည့် နယ်မြေဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကလည်း စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်ထိ အပစ် ရပ်ဆိုင်းပေးကြောင်း ကြေငြာထားသည့် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်းသည် အပစ်ရပ် နယ်မြေ စာရင်းတွင် အကျုံးဝင်သည်။
နှစ်ဖက်တပ်များမှ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာချက်များ အပြန်အလှန် ထုတ်ထားသော်လည်း ခြွင်းချက် မရှိ အပစ်ရပ် ပေးခြင်း မဟုတ်ပဲ တဖက်ဖက်မှ စစ်ရေးလှုပ်ရှားမှု ရှိပါက ပစ်ခတ်တိုက်ခိုက်မည် ဖြစ်ကြောင်းလည်း ပြောဆိုထားကြသည်။
You may also like these stories:
ကော့ကရိတ်တွင် တပ်မတော် အရာရှိနှင့်စစ်သည်များ လုပ်ကြံခံရမှု လက်သည်မပေါ်သေး
AA ဖမ်းဆီးသွားသည့် ALP အဖွဲ့ဝင် ၅ ဦး ပြန်လည် လွတ်မြောက်လာ
စခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရသည့် ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်