၂၀၂၀ ခုနှစ် အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခြင်းဖြစ်သည်။
၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ်သည် ၂၀၂၀ ခုနှစ် အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော် နိုင်မည့် အစီအစဉ်လည်းသည်။
ထိုအစီအစဉ်ကို အစုအဖွဲ့အသီးသီး၏ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်တွင် ပါဝင်သူများ၏ အကြံပြုချက်နှင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု အစီအစဉ်အပေါ် သုံးသပ်များကို အခြေခံကာ ၂၀၂၀ အလွန်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်တွင် ပထမလုပ်ငန်းစဉ်မှာ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်ရှိ လာရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဆိုသည့်အချက်ဖြစ်သည်။
ဒုတိယလုပ်ငန်းစဉ်မှာ စတုတ္ထပင်လုံတွင် သဘောတူခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၃) ဖြစ်သော ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများမှ ဆက်လက်ဆွေးရန် ကျန်ရှိသည့် အချက်များကို ဆက်လက်ဆွေးနွေးပြီး အားလုံး သဘောတူလက်ခံသည့် ပြည်နယ်များ၏ ကိုယ်ပိုင် အခြေခံဥပဒေ ဖော်ပြချက်ကို ရှာဖွေသွားမည် ဆိုသည့် အချက်ဖြစ်သည်။
တတိယလုပ်ငန်းစဉ်သည် ပထမနှင့် ဒုတိယ လုပ်ငန်းစဉ်များမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။
လမ်းညွှန်အခြေခံမူများကို အခြေခံပြီး အဆင့်လိုက် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းပါက အားလုံးသဘောတူလက်ခံသည့် နိုင်ငံရေးမူ တရပ်ထွက်ပေါ်လာမည်ဟု တတိယလုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။
ထိုနိုင်ငံရေးမူကို လုပ်ငန်းကော်မတီအဆင့်ဆင့်တွင် တတ်သိပညာရှင်များ ပါဝင်စေပြီး NCA ပါ လမ်းပြမြေပုံနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တတိယလုပ်ငန်းစဉ်တွင် ရေးသားထားသည်။
သို့ဖြစ်ရာ သဝဏ်လွှာတွင် ပါရှိသည့် တတိယလုပ်ငန်းစဉ် သည် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်ရန် ဆက်လက်ဆောင်ရွက်မည်ဆိုသည့် သဘောရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ သဘောတူညီချက်များကို အခြေခံကာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းကို ဆောင်ရွက်မည့်သဘောဟု နားလည်ရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA လက်မှတ်ရေးထိုးခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဝဏ်လွှာတစောင် ပေးပို့ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။
NCA သည် နှစ်ကာလများစွာကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများပပျောက်ရေး၊ ယုံမှားသံသယများပပျောက်ရေး စသည့် သမိုင်းတန်ဖိုးကိုဖော်ပြသော ပြယုဂ်ဟု အသိအမှတ်ပြုကာ NCA စာချုပ်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုထားသည်။
သဘောတူညီပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၃ ခုကိုလည်း ဒီမိုကရေစီနည်းလမ်းအရ လွှတ်တော်၌ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားရမည်ဟု ၎င်းက ပြောကြားထားသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယခုထက်ပိုမိုအောင်မြင်ရန် ဆောင်ရွက်မည်ဆိုပါက လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ငြိမ်းချမ်းရေးစုဖွဲ့မှု (Peace Architecture) ကို ပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဟု ဝေဖန်ထောက်ပြသည်။
ငြိမ်းချမ်းရေးစုဖွဲ့မှုကို ပြုပြင်ပြောင်းလဲရန် အချက် (၄) ချက်ကို မဖြစ်မနေအကောင်အထည်ဖော်သင့်သည်ဟု ၎င်းက အကြံပြုသည်။
ဒေါက်တာမင်းဇော်ဦးက “နံပါတ် ၁ က Civil Military Relation (အရပ်ဘက် စစ်ဘက် ဆက်ဆံရေး) ကို ဘယ်လိုလုပ်မလဲ။ အဲဒီပြဿနာက မရှင်းလို့မရဘူး။ Civil Military Relation အဆင်မပြေသရွေ့ ငြိမ်းချမ်းရေးက ရှေ့သွားဖို့မလွယ်ဘူး” ဟု ပြောကြားသည်။
ဒုတိယအချက်အနေနှင့် အစိုးရနှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များ အကြားတွင် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒချမှတ်သည့် ယန္တရားတခု အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လက်ရှိ NRPC စုဖွဲ့မှု ယန္တရားက တပ်မတော်နဲ့ အစိုးရကြားထဲမှာ မူဝါဒချမှတ်လို့ရတဲ့ ယန္တရားမဟုတ်ဘူးဖြစ်နေတာပေါ့။ ဘာကြောင့်လဲဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မပါတာ။ တပ်ချုပ်ပါတဲ့ မူဝါဒချမှတ်တဲ့ ယန္တရားတခုက မရှိမဖြစ်လိုအပ်တယ်။ အဲဒါလုပ်ဖို့ လိုတယ်” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။
ထိုပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရသည့် အစိုးရနှင့် တပ်မတော် ကိုယ်စားပြုငြိမ်းချမ်းရေး ကော်မရှင်တွင်လည်း အင်အားကောင်းသည့် စုဖွဲ့မှုမျိုး ဖြစ်ရန် ပြုပြင်သင့်ကြောင်းလည်းထောက်ပြသည်။
၎င်းက “စုဖွဲ့မှုဟာ အင်အားကောင်းကောင်းနဲ့ Dynamic ဖြစ်ဖြစ်စုဖွဲ့မှု အဲဒီလိုလူမျိုးတွေပါလာဖို့လိုတာပေါ့။ နောက်ဆုံးတချက်က Technical Support ပေါ့။ နည်းပညာပိုင်းဆိုင်ရာ၊ သုတေသနပိုင်းဆိုင်ရာ အထောက်အကူပြုတာတွေအများကြီးလိုတယ်။ ဒါတွေ မပြုပြင်နိုင်ရင် နောက် ၅ နှစ်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အခုလိုပဲ သိပ်ပြောင်းလဲမှာ မဟုတ်ဘူး” ဆိုသည်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် မြန်မာနိုင်ငံ တောင်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးခဲ့သည်။
You may also like these stories:
KNU မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့် ဆွေးနွေးပွဲ တပ်မတော်တားမြစ်
တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့