နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ(UDP) အား ဖျက်သိမ်းကြောင်းနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးပြီဖြစ်ကြောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။
UDP အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၁၂(က)(၄)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ ဒေ ပုဒ်မ- ၁၅(ခ)(ဂ)(စ) တို့အရ ငြိစွန်းကြောင်း UEC က ဆိုထားသည်။
အဓိက အားဖြင့် နည်းဥပဒေ ပုဒ်မ ၁၅(ခ) တွင် “တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြု လုပ်မှု တရပ်ရပ်ကို ပြုလုပ်ခြင်း” ၊ ပုဒ်မ ၁၅(ဂ) တွင် “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာမှု မရှိခြင်း”၊ ပုဒ်မ ၁၅(စ) တွင် “နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ(သို့) ဘာ သာရေး အဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု(သို့) ပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့တို့ ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့၏ ဩဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း” အချက်များ ပြဋ္ဌာန်းထားသည်။
ယင်းဖော်ပြချက်အရ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ထောင်ပြေးတဦးဖြစ်ခြင်း၊ ပိုင်ဆိုင်သည့် ငွေကြေးများမှာ တရုတ်နိုင်ငံ ဘက်မှ တရားမဝင် ငွေလွှဲလုပ်ငန်းများကတဆင့် တရားမဝင် ရောက်လာသည့် ငွေကြေးများဖြစ်ခြင်းနှင့် ပါတီအား ထောက် ပံ့နေသည့် မြန်မာကျော် ကုမ္ပဏီမှာလည်း တရားဝင်ခွင့်ပြု လိုင်စင်များဖြင့် လုပ်ကိုင်မှု မဟုတ်ခြင်းတို့အား နိုင်ငံတော် သမ္မတရုံး၏ ဖော်ထုတ် တွေ့ရှိချက်များနှင့် ဆက်စပ်လျက် ရှိသည်။
ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၁၀(ဇ) နှင့် ငြိစွန်းကြောင်း လည်း UEC က ဆိုထားပြီး ပုဒ်မ-၁၀(ဇ) တွင် “ နိုင်ငံခြားတိုင်းပြည် တခုခု၏ အစိုးရ(သို့) ဘာသာရေးအဖွဲ့ အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု(သို့) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ အိမ်၊ မြေ၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အထောက်အပံ့ ရယူသုံးစွဲသူ (သို့) ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲ သည့် အဖွဲ့အစည်းဝင် ဖြစ်သူ” ပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
သို့သော် ယင်း ပုဒ်မ၏ ပြဋ္ဌာန်းချက်အရ အငြင်းပွားဖွယ် တခုရှိနေသည်မှာ ပါတီဥက္ကဌဖြစ်သူ ဦးကျော်မြင့်အား မဖမ်းဆီး ခင်က တည်းက ပါတီက နုတ်ထွက်ခဲ့ပြီး ဖြစ်ကာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေဖြင့် ရပ်တည်ရန် ကြိုးပမ်းခဲ့ သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ် ကိစ္စပင် ဖြစ်သည်။
ဦးဂဲနက်စ် အနေဖြင့် ပါတီက နုတ်ထွက်စဉ်ကပင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အသိပေးခဲ့ပြီး လက်ရှိတွင် ပါတီဝင် မဟုတ်တော့သည့်အတွက် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၁၀(ဇ)နှင့် ငြိစွန်းမှု မရှိကြောင်းနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက် ယှဉ်ပြိုင်ခွင့်ပြုရေး အောက်တိုဘာ ၁၈ ရက်က သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များထံ စာပေးပို့ထားသည်။
ဦးဂဲနက်စ်က “ကိုယ်စားလှယ်လောင်းတဦးရဲ့ အခွင့်အရေးကို ဒီလိုပုံစံနဲ့ လွယ်လွယ်ကူကူ ဆုံးဖြတ်မယ်ဆိုရင်တော့ ကိုယ်စားလှယ်လောင်းတွေရဲ့ နစ်နာမှုက ကြိုတင်မဲတွေလဲ အများကြီး ရထားပြီးပြီ။ ကျနော် နစ်နာဆုံးရှုံးတာတင် မဟုတ်ဘဲ ကျနော့်အပေါ်မှာ ယုံကြည်တဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှုလို့လည်း ပြောလို့ရတယ်။ ပါတီဖျက်ဖျက် ကိုယ်စားလှယ်လောင်း ဖျက်ဖျက် ကျနော် စိတ်မဝင်စားဘူး။ စိတ်ဝင်စားတာက ကျနော့ရဲ့ ကိုယ်စားလှယ်လောင်း အခန်း ကဏ္ဍကို ပျက်ဖို့ရာ အတွက်ကို ဥပဒေကြောင်းအရ ကျနော့်ဘက်က လုံးဝ ခွင့်မပြုနိုင်ဘူး” ဟု ပြောသည်။
နောက်တချက် အနေဖြင့် UDP ပါတီ ကိုယ်စားလှယ်လောင်းများ ပါဝင်သည့် မဲလက်မှတ်များဖြင့် ပြည်ပမှ ကြိုတင်မဲများ ပေးပြီးပြီ ဖြစ်သည့်အတွက် UDP ကိုယ်စားလှယ်လောင်းများ ရရှိခဲ့သည့် မဲများမှာ ပယ်မဲအဖြစ် သတ်မှတ်ရမည်ဖြစ် ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် UDP ကိုယ်စားလှယ်လောင်းများ ပါဝင်နေသည့် မဲလက်မှတ်များမှာလည်း ပြည်တွင်းရှိ ကော်မရှင်အဖွဲ့ခွဲများသို့ ဖြန့်ဝေပြီးပြီ ဖြစ်သည့်အတွက် မဲလက်မှတ်များ အသစ်ရိုက်နှိပ်ရန် မဖြစ်နိုင်တော့ဘဲ မဲလက်မှတ်တွင် ပါဝင်သည့် UDP ကိုယ်စားလှယ်လောင်းများ နေရာအား အမှတ်အသားဖြင့် ပယ်ဖျက်မည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄၊ ကန့်ဘလူခရိုင်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးအောင်မောင်း ကို နိုင်ငံဝန်ထမ်း ဖြစ်နေသေးသည့် အတွက် အတည်ပြု ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခဲ့ရာတွင် မဲလက်မှတ်ပေါ်ရှိ ၎င်း၏နေရာအား ကြက်ခြေ ခတ်ခြစ်ကာ ပယ်ဖျက်ခဲ့သည်။
လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၃၇ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထား သူ ပယ်ချခံရခြင်း၊ ကွယ်လွန်ခြင်းနှင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းခြင်းတို့ ရှိပါက ရွေးကောက်ပွဲ အာမခံငွေ ကျပ်သုံးသိန်းအား ပြန်လည် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက “အရင် အစဉ်အလာအရ မဲလက်မှတ်ပေါ်မှာ သူ့နာမည်ကို ကြက်ခြေခတ် လိုက်ရတာပေါ့။ မဲတွေက ပို့ပြီးကုန်ပြီ။ ပြန်ရိုက်ဖို့လည်း အချိန်မရတော့ဘူး။ ပြီးခဲ့တဲ့ ကန့်ဘလူ က တယောက်တုန်းကတော့ မဲလက်မှတ်ပေါ်မှာ သူ့ရဲ့နေရာကို ကြက်ခြေခတ်ဖို့ ညွှန်ကြားစာ လာတယ်။ အခုက ဘယ်လို လုပ်ရမလဲ ညွှန်ကြားချက်တော့ မလာသေးပေမယ့် ဒီလိုပဲ လုပ်မယ် ထင်ပါတယ်။ UDP က တနိုင်ငံလုံး ပြိုင်တဲ့ပါတီ ဆို တော့ လုပ်ရမှာ တော်တော်တော့ များတယ်” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအား ပယ်ဖျက်ပြီးပါက ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းများဖြင့် ရွေးကောက်ပွဲ ဆက်လက် ကျင်းပရမည် ဖြစ်ပြီး အကယ်၍ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း တဦးတည်း ကျန်ရှိပါက ၎င်းအား လွှတ် တော် ကိုယ်စားလှယ်အဖြစ် ကြေညာရန် တိုင်း(သို့) ပြည်နယ် ကော်မရှင်သို့ အမြန်ဆုံးတင်ပြရမည် ဟု လွှတ်တော် ရွေး ကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ပုဒ်မ -၃၆၊ နည်းဥပဒေခွဲ (ဂ)၊ (ဃ)၊ (င) တို့တွင် ပြဋ္ဌာန်းထားသည်။
လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ-၃၇ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထား သူ ပယ်ချခံရခြင်း၊ ကွယ်လွန်ခြင်းနှင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းခြင်းတို့ ရှိပါက ရွေးကောက်ပွဲ အာမခံငွေ ကျပ်သုံးသိန်းအား ပြန်လည် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းသည်။
သို့သော် ကိုယ်စားလှယ်လောင်းများအတွက် ထောက်ပံ့ခဲ့သည့် ဦးကျော်မြင့်ပိုင် ငွေကြေးနှင့် မြန်မာကျော်ကုမ္ပဏီ ပိုင် ငွေကြေးများသည် တရားမဝင် နည်းလမ်းများမှ ရရှိသည့်ငွေများ ဖြစ်ကြောင်း သမ္မတရုံးက ပြောဆိုထားသည့် အတွက် ဥပဒေဆိုင်ရာ အမှုအခင်းများ ရှိလာနိုင်ပြီး ပြန်လည် ထုတ်ယူခွင့် ရ မရအား ရှင်းလင်းစွာ မသိရသေးပေ။
သမ္မတရုံး၏ ဖော်ထုတ်ချက်အရ ဦးကျော်မြင့်ပိုင် Myanmar Kyaw Investment Group ကုမ္ပဏီလီမိတက်မှ UDP ပါတီ နှင့် ကိုယ်စားလှယ်လောင်းများအား ထောက်ပံ့ လှူဒါန်းသုံးစွဲငွေ ကျပ် ၁၃ ဒသမ ၈၉ ဘီလီယံကျော် ရှိခဲ့ပြီး ယင်းငွေထဲတွင် ကိုယ်စားလှယ်လောင်း ၇၁၆ ဦးအတွက် တဦးလျှင် သုံးသိန်းစီဖြင့် UEC ထံသို့ အာမခံကြေးအဖြစ် ထောက်ပံ့ပေးသွင်းမှုများ လည်း ပါဝင်ကြောင်း သိရသည်။
ယင်းပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၁၉ အရ ပါတီတခုသည် မိမိဆန္ဒအလျှောက် ဖျက်သိမ်းလျှင်ဖြစ် စေ၊ ဥပဒေအရ ဖျက်သိမ်းခံရလျှင်ဖြစ်စေ ပါတီပိုင် ပစ္စည်းများအား နိုင်ငံတော် အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့ အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည် ဖြစ်ပြီး ယင်းပစ္စည်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းသည် အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပါတီပိုင်ဆိုင်မှုများ အစိုးရထံ အပ်နှံရမည် ဖြစ်သည်။
သမ္မတရုံး၏ ဖော်ထုတ်မှုအရ UDP ပါတီ၏ ရုံးနေရာများ၊ မော်တော်ယာဉ်များနှင့် အခြားပစ္စည်းများမှ ပါတီပိုင်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိ မရှင်းလင်းသော်လည်း UDP Educational Foundation အမည်ဖြင့် ငွေစာရင်း၂ ခု၊ United Democratic Party’s Fund+ ဒေါ်ဌေးဌေးဝင်း+ ဒေါ်မျိုးဟေမာန် အမည်ဖြင့် ငွေစာရင်း၂ ခု ဖွင့်လှစ်ထားသည်ကို တွေ့ရှိထားကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၀၂ နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများ ပုဒ်မ-၁၁ တွင် “ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းများ”၊ “ရွေးကောက်ပွဲခုံ အဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင် ဆင်မှုများ”၊ “နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ”တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ် ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းပြင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၂၀ တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြဋ္ဌာန်းချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းပြီး ရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီး အပြတ် ဖြစ်စေရမည် ဖြစ်ပြီး မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရကြောင်း ပြဋ္ဌာန်းထားသည်။
သို့သော် နှင်းဆီပါတီ တာဝန်ရှိသူတဦးကမူ ကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ကန့်ကွက်စာ ပေးပို့မည်ဖြစ် ကြောင်း ထုတ်ဖော် ပြောကြားထားသည်။
You may also like these stories:
ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ
နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား