ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဂျူဗလီလမ်းအနီးရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ် ရောင်းသည့်အိမ်သည် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံလိုက်ရကြောင်း ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ဧရာဝတီသို့ အတည်ပြုသည်။
ဓားပြတိုက်ခံရသည့် နေရာသည် ဗန်းမော်ပြန်ကြားရေးရုံးအနီးက အိမ်ဟောင်းတခုတွင်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ အမျိုးသမီး တဦး သေဆုံးကာ အမျိုးသားဖြစ်သူ သတိလစ်လဲနေကြောင်း ၎င်းက ပြောပြသည်။
ဦးအောင်သိန်းက “ကျနော်တို့သွားကြည့်တော့ ရဲတွေလည်း ရောက်နေတယ်။ အမျိုးသားကို ပါးစပ်ပိတ် ကြိုးတုပ်ပြီး ကုလားထိုင်မှာ ချည်ထားတယ်။ ကုလားထိုင်ကလဲ နေပြီး အမျိုးသားက သတိလစ်နေတယ်။ အမျိုးသမီးကတော့ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေပြီး သွေးတွေလည်း ခြောက်နေတယ်” ဟု ဆိုသည်။
ရဲတပ်ဖွဲ့စစ်ဆေးချက်များ အရ ကျူးလွန်သူသည် အမျိုးသား သုံးဦးဖြစ်ပြီး ငွေကြေးများကိုလည်း လုယူသွားခဲ့ကြောင်း သိရသည်။
အမျိုးသားဖြစ်သူသည် လေယာဉ်လက်မှတ်အရောင်းဌာန မန်နေဂျာဖြစ်ပြီး သေဆုံးသူအမျိုးသမီးမှာ မန်နေဂျာ၏ ဇနီးဖြစ်ကြောင်း ဦးအောင်သိန်းက ပြောပြသည်။
လက်ရှိတွင် အမျိုးသားဖြစ်သူသည် ဗန်းမော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး သတိပြန်ရနေပြီဖြစ်ကြောင်း သိရသည်။
၎င်းက “ပြောပြချက်အရတော့ အဲဒီလူကို ထိုးပြီး မီးဖိုချောင်ထဲဝင်တဲ့အချိန်မှာ သူ့မိန်းမနဲ့တွေ့တယ်။ သူ့မိန်းမကလည်း ဟင်းလုပ်နေတဲ့အခါကျတော့ ဓားတွေ၊ ကပ်ကြေးတွေရှိတယ်။ သူ့မိန်းမကလည်း အနားနားမကပ်နဲ့ ဘာညာလုပ်လိမ့်မယ်ထင်တယ်။ အဲဒီမှာ အဓိကရုဏ်းဖြစ်ပြီး သတ်သွားတာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ရောက်တဲ့ အခါမှာတော့ သူ့မိန်းမက သေနေပါပြီ” ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ကျူးလွန်သူများ ဖမ်းမိရေးဆောင်ရွက်နေသည်ဟု သိရကြောင်း ဦးအောင်သိန်းက ပြောကြားသည်။
You may also like these stories:
တမူးမြို့မှ အိန္ဒိယနိုင်ငံဘက်သို့ တရားမဝင် သွားလာမှုဖြင့် အရေးယူထားသူ ၁၇ ဦးထိ ရှိလာ
နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ
နှင်းဆီပါတီ ဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အပြီးသတ်အမိန့်ချတော့မည်