မြန်မာ့တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်၏သမီးပိုင် သတ္တမမြောက်အာရုံ (Seventh Sense) ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက တိုက်ရိုက်ထုတ်လွှင့်မည့် ဂန္တဝင်ဂီတပွဲတော်တခုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပံ့ပိုးကူညီသည်ဟုကြေငြာမှုထွက်ပေါ်အပြီး မြန်မာလူထု၏ ဝေဖန်မှု မြင့်တက်ခဲ့သည့်အတွက် ယင်းဂီတပွဲ အစီအစဉ်ကို ပြောင်းလဲခဲ့သည်။
လာမည့် ဒီဇင်ဘာလ ၁၈ ရက် (သောကြာနေ့) တွင် အွန်လိုင်းမှတဆင့် တင်ဆက်မည့် ဂန္တဝင်ဂီတပွဲတော် (Myanmar Music Festival) ပွဲကို အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသည့် 88 International ဂီတအဖွဲ့က စီစဉ်ပြီး တပ်ချုပ်၏ သမီးပိုင်သည့် 7th Sense Creation က ထုတ်လွှင့် တင်ဆက်ပေးမည်ဟု အမေရိကန် သံရုံး စာမျက်နှာက ဒီဇင်ဘာ ၁၄ ရက်ညတွင် ကြေငြာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုပွဲတော်ကို ယခုတွင် ဂီတပွဲတော်ဖေ့ဘုတ်မှသာ တိုက်ရိုက်ထုတ်လွှင့်တော့မည် ဖြစ်သည်။
အဆိုပါဂီတပွဲသည် မမြလေးနဲ့ ဗီသိုဗင်၏နှစ် ၂၅၀ မြောက်မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ပြီး ဂီတပွဲ ဖြစ် မြောက်ရေးအတွက် အမေရိကန်သံရုံးက ကူညီပေးထားကြောင်း ယင်းသံရုံးက ၎င်းတို့၏ Facebook တွင် သတင်း ထုတ် ပြန်ခဲ့သည်။
ဂီတပွဲကို အမေရိကန်သံရုံးနှင့် တပ်ချုပ် သမီးပိုင်သည့် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်မည့် သဘောဖြစ်နေသဖြင့် လူ အများက သံရုံး Facebook Post အောက်တွင် ဝင်ရောက် ဝေဖန် မှတ်ချက်ပေးမှုများ ရှိလာပြီးနောက် စီစဉ်သူများဘက်က 7th Sense နှင့်ပူးပေါင်းမှုမရှိတော့ကြောင်းနှင့် 7th Sense လိုဂိုကိုပါ ပယ်ဖျက်ကာ အသစ်ပြန်တင်ထားသည်။
ရန်ကုန်အခြေစိုက် အမေရိကန် သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ Aryani Manring က “သံရုံးအနေဖြင့် ဂီတမျိုးဆက် လူငယ်များ၏ ဂီတနှင့် ခေါင်းဆောင်မှုဆိုင်ရာ ပညာရေး လှုပ်ရှားမှုအနေဖြင့် အမေရိကန် အစိုးရက ပံ့ပိုးကူညီခြင်း ဖြစ်ပြီး 7th Sense ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်ရန် ရွေးချယ်မှု မပါဝင်ဘဲ ထိုကုမ္ပဏီသို့လည်း ငွေကြေး ထောက်ပံ့မှုမရှိကြောင်း၊ ဂီတပွဲတော်အတွက် စပွန်ဆာကြီးကြီးမားမားမပေးကြောင်း” ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
ထို့အပြင် ဝေဖန်မှုများ လက်ခံရရှိရှိခြင်း ပွဲတော်ကျင်းပသည့်အဖွဲ့သို့ သံရုံးအနေဖြင့် ဆက်သွယ်စုံစမ်းကာ ၎င်းတို့၏ စိုးရိမ်မှုကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက 7th Sense Creation သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သမီးပိုင်သည့် ကုမ္ပဏီဖြစ်နေသောကြောင့် အခွင့်အရေး ပိုမိုရနေ မှုများ ရှိနိုင်သည်ဖြစ်ရာ ယင်းအချက်ကို အမေရိကန်သံရုံးအနေဖြင့် ထည့်သွင်း စဉ်းစားသင့်ကြောင်း ဆိုသည်။
၎င်းက “တဖက်မှာက ဒီလိုမျိုး စီးပွားရေး ပိတ်ဆို့မှုတွေကို အမေရိကန်ဘက်က လုပ်ဆောင်ပေမယ့် သူတို့ကိုယ်တိုင်က ဆက်စပ် နေတဲ့သူကို အသိအမှတ်ပြုခြင်းက တဖက်က ပြောပြီး တဖက်က သူတို့ကိုယ်တိုင် မလိုက်နာတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု မှတ်ချက်ပေးသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း တပ်ချုပ်သမီး ပိုင်သည့် ကုမ္ပဏီနှင့် အမေရိကန် သံရုံးတို့ ပူးပေါင်းကာ ဂီတပွဲ လုပ်မည့် အစီအ စဉ်ကို အံ့ဩမိကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့ USAID တို့ဆီက Funding ယူတယ်ဆိုရင် တော်တော် တင်းကြပ်တယ်ဗျ။ သူတို့ဆီမှာ ဝက်ဘ်ဆိုက် ၃ ခု လောက် ရှိတယ်။ အဲဒီမှာ Blacklist ဝင် မဝင် စစ်ဆေးရတာတွေ ဘာတွေလည်း ရှိတယ်။ ဥပမာ- Panel တခုလုပ်မယ် ဆိုရင် Blacklist မဝင်အောင် စသဖြင့်ပေါ့။ နောက်တခုကတော့ နေရာ ဟိုတယ်ရွေးတာက စလို့ ကျန်တဲ့ ကိစ္စတော်တော် များများမှာ ရှောင်ရတယ်ဗျ။ အခုလို ဖြစ်တဲ့အခါတွေ့ရတော့ အံ့ဩမိတာပေါ့” ဟု ပြောပြသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တပ်မတော်အပေါ် အရေးယူ ပိတ်ဆို့မှုများ ဆောင်ရွက်လေ့ရှိသည့် အမေရိကန် နိုင်ငံ၏ သံရုံးက မည်သည့်အကြောင်းကြောင့် တပ်ချုပ်သမီးပိုင်သည့် ကုမ္ပဏီနှင့် ဂီတပွဲ ပူးပေါင်းလုပ်ရသည်ကို ၎င်းအနေ နှင့် မခန့်မှန်းတတ်ကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကမူ ဂီတပွဲလုပ်မည့် အစီအစဉ်သည် ဒီမိုကရေစီ လှုပ်ရှားမှုများကို အစဉ်တစိုက် ထောက်ခံလာသည့် အမေရိကန်နိုင်ငံအနေနှင့် ၎င်းတို့ ကိုင်စွဲလာခဲ့သော မူဝါဒအပေါ် သွေဖီလာသည့် သဘောမျိုး ဖြစ် နေကြောင်း သုံးသပ်သည်။
၎င်းက “ဥပဓိရုပ်ကတော့ မကောင်းဘူးပေါ့ဗျာ။ ဒီမိုကရေစီဘက်တော်သားတွေ အပေါ်မှာ အမြင်မကောင်းတဲ့သူတွေအပေါ် အား ပေးသလို ဖြစ်နေတဲ့ လုပ်ရပ်မျိုး ရောက်မယ်ဆိုရင် သိပ်တော့ မကောင်းဘူး” ဟု မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ထိုင်းပင်လယ်ကွေ့တွင် ပြုလုပ်သည့် အာဆီယံ- အမေရိကန်စစ်ရေး လေ့ကျင့်မှုတွင် မြန်မာ့ ရေ တပ်မှ စစ်ရေယာဉ် ကျန်စစ်သားကို ပါဝင်ခွင့်ပြုခဲ့သည့် သာဓက ရှိခဲ့ပြီး ဂီတပွဲလုပ်သည့် ကိစ္စသည် စစ်ရေးလေ့ကျင့်မှု လောက် အရေးမကြီးသည့် အခြေအနေ ဟု ယူဆသလောဟု ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။
တပ်ချုပ်အပါအဝင် ထိပ်တန်း စစ်တပ်ခေါင်းဆောင် ၄ ဦးကို ရိုဟင်ဂျာအရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရက နိုင်ငံသို့ လည်ပတ်ခွင့်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်တားဆီးမှုများ ယမန်နှစ်က ချမှတ်ထားသည်။
အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရှိသူကမူ တပ်ချုပ် အပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုနှင့် သဘောထားများ ပြောင်းလဲမှု မရှိကြောင်း ဧရာဝတီ သတင်းဌာနသို့ ဒီဇင်ဘာ ၁၅ ရက်တွင် ထပ်လောင်း ပြောဆိုခဲ့သည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူမည်ဟု တပ်မတော် မပြောသေး
အိန္ဒိယ ရေငုတ်သင်္ဘော မြန်မာဝယ်လို့ တရုတ် စိတ်ဆိုးသလား