အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ နွေဦးထီ ပေါ်လာပြီးနောက် အများဆန့်ကျင် သပိတ်မှောက် ခံနေရသော အောင် ဘာလေထီနှင့် ပတ်သက်၍ ဥပဒေမူကြမ်းတစောင် လူမှုကွန်ရက်တွင် ထွက်ပေါ်လာရာ စစ်ကောင်စီက ထီကို အွန်လိုင်း စနစ် ရောင်းချနိုင်ရန် ကြံရွယ်နေသည်ဆိုသော ပြောဆိုမှုများ ရှိနေသည်။
ယခင်အရပ်သား အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကလည်း အောင်ဘာလေထီကို အီလက်ထရောနစ်ထီလုပ်ငန်း အဖြစ်ပါ ပြောင်းလဲလုပ်ဆောင်ရန် ရည်ရွယ်ကာ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများဖြင့် ပူးပေါင်းပါဝင်မည့် အီလက်ထရောနစ် ထီစနစ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဥပဒေမူကြမ်းတစောင်ကို ပြည်ထောင်စု လွှတ်တော်သို့ တင် သွင်းခဲ့ဖူးသည်။
ထိုအချိန်က ဥပဒေကြမ်းပူးပေါင်းကော်မတီက ဥပဒေကြမ်း၏ အပိုဒ် ၂၀ ပါ အီလက်ထရွန်နစ်ထီ လုပ်ငန်းကို ပုဂ္ဂလိကအား အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်ပေးခြင်းသည် ကံစမ်းကစားခြင်းနှင့် လောင်းကစားရုံ တည်ထောင်ခြင်းကိုခွင့်ပေးခြင်း သာ ဖြစ်၍ တည်ဆဲရာဇသတ်ကြီးနှင့် လောင်းကစားဥပဒေများနှင့်ပါ ဝိရောဓိဖြစ်နေသည့်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အခွင့်အာဏာဖြင့်သာ ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့ဖူးသည်။
ယခု လူမှုကွန်ရက်ပေါ်သို့ ထွက်ပေါ်လာသည့် စစ်ကောင်စီက ပြန်လည်ပြင်ဆင်ရေးဆွဲထားသည်ဆိုသော အောင်ဘာလေ ထီဥပဒေအရက ထီလုပ်ငန်းဟု အဓိပ္ပယ်ဖွင့်ဆိုချက်ကို အောက်ဘာလေထီလုပ်ငန်း (သို့မဟုတ်) အီလက်ထရောနစ် ထီ လုပ်ငန်းဟူ၍ သတ်မှတ်ထားသည်။
အဆိုပါ မူကြမ်းနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန် ကြီးဌာန လက် အောက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ဧရာဝတီသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
ထီကုန်သည် တဦးက “အခုကတော့ ထီထိုးမယ့်သူ မပြောနဲ့၊ ကိုယ်စားလှယ်ကြီးတွေ ထီကုန်သည်တွေ တောင် အရှုံးများ နေတော့ အများစုက ထီကို ထပ်မလုပ်ချင်ကြတော့ဘူး။ ထီသမားတွေက ကိုဗစ်ကာလတုန်းကတည်းက တော်တော်ရှုံးနေ ခဲ့ကြတာ” ဟု ဧရာဝတီကို ပြောသည်။
လတ်တလောတွင် အများပြည်သူများ၏ အောင်ဘာလေထီအပေါ် စိတ်ဝင်စားမှု မရှိတော့ခြင်းနှင့် ဝယ်ယူနိုင်စွမ်း လျော့ကျ သွားခြင်းများက ထီလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှု ကြီးမားနေကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “တခြား ဝေးဝေး မကြည့်နဲ့ အရင်ကဆိုရင် စတိုးဆိုင်တို့ အိမ်ဆိုင်တချို့တောင် ထီကို တင်ရောင်းခဲ့ ကြတာ။ အခုဆိုရင် ထီလှည်းတွေတောင် ကြက်ဥတင်ပြီး ရောင်းနေကြရတာ ဒီအခြေအနေနဲ့တင် ထီလုပ်ငန်း ဘယ် လောက်ဆိုးသွားလဲ ဆိုတာ သိနိုင်တယ်” ဟု ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်ဘာလေထီကို ထိုးမည့်သူ မရှိသလောက်ဖြစ်သွားပြီး မရောင်းရဘဲ ကျန်ရှိနေ သည့် ထီလက်မှတ်များ အများအပြား ဖြစ်လာ၍ ထီဖွင့်မည့်ရက်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။
ယင်းပြင် ယခင်က အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၁ သောင်းခွဲအစား ကျပ်သိန်း ငါးထောင်ကိုသာ ချီးမြှင့်နိုင်တော့သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ အောင်လံလွှင့်ချီ နွေဦးထီသည် စတင် ရောင်းချသော ဩဂုတ်လ ၁၅ ရက်တွင် ပင် ဝင်ရောက်ထီထီုးသူ များပြား၍ ၁ နာရီအတွင်းမှာပင် သတ်မှတ်စောင်ရေ ကုန်သည်အထိ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် စစ်ကောင်စီ ဘက်ကလည်း လာမည့် စက်တင်ဘာလ ၁ ရက် ထီဖွင့်ပွဲ ပြုလုပ်မည့် ၃၀ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီတွင် ထီလက်မှတ်ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွဲဝေပေးမည်ဖြစ်သလို ထီ ဆုငွေ အားလုံးကိုလည်း အကန့်အသတ် မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။
You may also like these stories:
ထီထိုးသူနည်း၍ အမြင့်ဆုံး ကျပ်သိန်းငါးထောင်ဆုသာ ချီးမြှင့်မည်
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်
ငွေစက္ကူအသစ် ရိုက်ထုတ်ရန် မရှိသေးဟု ဗဟိုဘဏ် ဆို