ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် မွတ်စလင်ကျေးရွာအတွင်း မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကျေးရွာ တာဝန်ခံ ၁ ဦး သေဆုံးကာ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရ သည်။
ယနေ့ (စက်တင်ဘာလ ၂ ရက်) နံနက် ၁ နာရီ ဝန်းကျင်ခန့်က ပန်းတောပြင်မွတ်ဆလင် ကျေးရွာတာဝန်ခံ မူဟီးဘူရာမာန် (၄၈ နှစ်) နေအိမ်သို့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဏ္ဏာဝါက ပြောသည်။
ဦးအဏ္ဏာဝါက “မိသားစုဝင်တွေ ပြောပြချက်အရတော့ မွတ်စလင် စကားပြောတဲ့ လက်နက်ကိုင်အဖွဲ့တခုက သူတို့နဲ့ လိုက်ခဲ့ဖို့ ခေါ်တယ်။ သူက မလိုက်ဘူး။ အဲဒီအချိန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ သူ့ကို သေနတ်နဲ့ ပစ်ပြီး သူနဲ့ ညီအစ်ကို တော်စပ်သူ ၂ နှစ်ယောက်ကိုလည်း အဲဒီအဖွဲ့က ဓားနဲ့ ထိုးသွားတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်သည့်အတွက် ကျေးရွာတာဝန်ခံ မူဟီးဘူရာမန်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသလို ညီ အစ်ကို တော်စပ်သည့် အသက် ၃၀ အရွယ် အဒူမူနက်နှင့် ရှားဘူလ်တို့မှာလည်း ဓားထိုးဒဏ်ရာများ ရရှိခဲ့သည့်အတွက် မောင်တောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးအဏ္ဏာဝါက ဆက်လက်ပြောကြားသည်။
မောင်တောမြို့ခံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက လုံခြုံရေး တပ်ဖွဲ့ဝင်များ ယင်းကျေးရွာအနီး ဝန်းကျင်၌ ရှိနေလျက် ထိုသို့ ဒုစရိုက်သမားများ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခြင်းမှာ နယ်မြေလုံခြုံမှု အပေါ် စိုးရိမ်စရာ ဖြစ်ကြောင်း ပြောဆိုသည်။
ဦးမောင်အုန်းက “ပန်းတောပြင်ကိစ္စကို ကြည့်မယ်ဆိုရင် နယ်မြေမှာ လုံခြုံရေး စိတ်ချရမယ့် အနေအထား မရှိဘူး။ အဲဒီ အနီး ဝန်းကျင်မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေလည်း ရှိတယ်။ နောက်တခါ ဒီလိုမျိုးဖြစ်စဉ်တွေက အခု တကြိမ်ဖြစ်တာ မဟုတ်ဘူး။ မကြာခဏ ဆိုသလို ဖြစ်နေတော့ ဒါက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေမှာ တာဝန်အပြည့် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် မောင်တော ခရိုင်ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး ကို ဧရာ ဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ ရဲတပ်ဖွဲ့ထံသာ မေးမြန်းရန် ပြောသည်။
လက်ရှိအချိန်တွင် ပန်းတောပြင်ကျေးရွာမှ ဒဏ်ရာရရှိသူ ၂ ဦးကို မောင်တော ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုများ ပြု လုပ်နေပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သော မေလ ၂၃ ရက်ကလည်း မောင်တောမြို့ပေါ် ကညှင်တန်းရပ်ကွက်မှ ပရိဘောဂဆိုင် ဖွင့်လှစ်ရောင်းချသည့် မွတ်စလင် သားအဖနှစ်ဦး ဖြစ်သည့် ရှော်ဖီးလ် (၅၀ နှစ်) နှင့် သားဖြစ်သူ မာမောက်အာယာစ် (၂၇ နှစ်) တို့အား မွတ်စ လင် လက်နက်ကိုင် အဖွဲ့တဖွဲ့က နေအိမ်သို့ လာရောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
မောင်တောမြို့နယ်အတွင်း အဓိက လှုပ်ရှားသည့် မွတ်စလင် လက်နက်ကိုင်များမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရခိုင်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော်(ARSA) အဖွဲ့တို့ဖြစ်ပြီး မကြာခဏ ဆိုသလို မွတ်စလင်ကျေးရွာသား များကို ဆက်ကြေးတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ရှိကြောင်းလည်း သိရသည်။
အဆိုပါ မွတ်စလင် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လုံးသည် မြန်မာ- ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် ခြေကုပ်ယူထားပြီး မကြာခဏဆိုသလို ဒေသတွင်းသို့ စိမ့်ဝင်လှုပ်ရှားကာ နယ်ခြား စောင့်ရဲ တပ်ဖွဲ့များကိုလည်း ခြုံခို တိုက်ခိုက်မှုများ ရှိခဲ့သည်။
You may also like these stories:
မောင်တောတွင် စစ်တပ်က ဖမ်းဆီးသွားသည့် မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံး
နိုင်ငံသားမဟုတ်သည့် မွတ်စလင်များ ကိုဗစ်ကာကွယ်ဆေးထိုးမှု ဦးစားပေးစာရင်း၌ မပါဝင်