မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လာမည့် ၂၀၂၂ တွင် ၀ ဒသမ ၁ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်ဖွယ် ရှိ သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာလ ကမ္ဘာ့စီးပွားရေး မျှော်မှန်းချက်တွင် ထည့်သွင်း ခန့်မှန်းထားသည်။
IMF ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှအပ အခြား အာဆီယံနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ဘရူနိုင်း ၂ ဒသမ ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ မလေးရှား ၄ ဒသမ ၂ ရာခိုင်နှုန်း၊ စင်ကာပူ ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ထိုင်း ၄ ဒသမ ၅ ရာခိုင်နှုန်း နှင့် လာအိုနိုင်ငံသည် ၄ ဒသမ ၂ ရာခိုင်နှုန်း စီးပွားရေး တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်များတွင် ၂၀၂၁ ခုနှစ် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) တိုးတက်မှုနှုန်းမှာ ၁၇ ဒသမ ၉ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ယင်းခန့်မှန်းချက်များထက် ကျဆင်သွားသည်ဟု IMF က ဆိုသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပကုမ္ပဏီများ မြန်မာနိုင်ငံမှ ပိတ်သိမ်း ထွက်ခွာသွားခြင်း၊ ၎င်းတို့၏ လုပ်ကိုင်မှု အရွယ် အစားများအား လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းများကြောင့် မြန်မာ့စီးပွားရေး အခြေအနေသည် ပိုဆိုးလာလိမ့်မည်ဟုလည်း IMF က ခန့်မှန်းထားသည်။
ထိုသို့ ကမ္ဘာ့ဘဏ်၊ IMF နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များ၏ စီးပွားရေး မျှော်မှန်းချက်များတွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း သည် သိသိသာသာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ကောင်စီ လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန် ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် မျှော်လင့်ထားသည်ဟု ဆိုသည်။
IMF ၏ ခန့်မှန်းချက်တွင် အာဆီယံဒေသတွင်း နိုင်ငံများအနက် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် အနိမ့်ဆုံး အဆင့် တွင် ရှိနေပြီး မြန်မာနိုင်ငံတခုတည်းသာ အာဆီယံနိုင်ငံများထဲ အနုတ်လက္ခဏာနှင့် စီးပွားရေး ကျဆင်းမည်ဟု ခန့်မှန်းထား ခြင်းလည်း ဖြစ်သည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “လောလောဆယ်တော့ ပြောရတာတော့ ခက်တယ်။ Data တော့ ကျနော့်ဆီမှာ မရှိဘူး။ လောလောဆယ် လုပ်ရကိုင်ရတော့ ခက်တယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေက ရပ်နေတာတော့ မဟုတ်ဘူး။ Export ဘာညာတော့ သ့ူဘာသာ ထွက်နေတာပဲ။ ဆန်ဆိုလည်း တင်ပို့မှု ကျတယ်၊ သွားတာတော့ သွားနေ တယ်။ တက်မလား ကျမလား ဆိုတာတော့ ပြောရတာ ခက်တယ်” ဟု ပြောသည်။
သို့သော် လက်ရှိ မြန်မာ့စီးပွားရေးသည် ကိုဗစ်ရိုက်ခတ်မှုအပြင် အာဏာသိမ်းလိုက်ခြင်းကြောင့် လုပ်ငန်း ကဏ္ဍအလိုက် လုပ်ရကိုင်ရ ကျပ်တည်းနေမှုများကြောင့် ရှေ့ဆက် လုပ်ကိုင်ရာတွင် သတိထား လုပ်ဆောင်သွားရမည့် အခြေအနေ ဖြစ် သည်ဟု ၎င်းက ဆိုသည်။
အမေရိကန်အခြေစိုက် Auntie Anne’s အမှတ်တံဆိပ် Pretzel ရောင်းချသည့် ဆိုင်များ၊ ထိုင်ဝမ်မှ လက်ဖက်ရည် ကြမ်း ရောင်းချသည့် Koi The ဆိုင်များ စသည့် စားသောက်ကုန် လုပ်ငန်းများ လုပ်ငန်းပိတ်သိမ်းခဲ့ပြီး ဂျာမန် လက်ကား အရောင်း ကုမ္ဗဏီ Metro ကလည်း ၎င်း၏ ပြည်တွင်း လုပ်ငန်းလည်ပတ်မှုကို အောက်တိုဘာ လကုန်တွင် ရပ်နားမည် ဖြစ်ကြောင်း ကြေညာထားသည်။
မကြာသေးခင်ကလည်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများကြောင့်ဟုဆိုကာ နေပြည်တော်ရှိ ဆွစ်ဇာလန် နိုင်ငံ အခြေစိုက် Kempinski Hotel (နေပြည်တော်) ကို အောက်တိုဘာ ၁၃ ရက်မှ စတင်၍ ဟိုတယ်လုပ်ငန်း ရပ်နားလိုက် ပြီ ဖြစ်ကြောင်း ဧည့်သည်များအား အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနှင့် ဩစတေးလျနိုင်ငံ အခြေစိုက် Myanmar Metals တို့က အစုရှယ် ယာများကို ရောင်းချထားပြီး ဂျပန်နိုင်ငံ Kirin Holdings ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Virginia Tobacco Company Limited (VTCL)ကုမ္ပဏီတို့က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် လက်တွဲဖြုတ်ထားကြောင်း သိရသည်။
You may also like these stories:
နေပြည်တော် က Kempinski ဟိုတယ် ပိတ်