မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တပတ်လျှင် ရုံးချိန်း ၃ ရက်ရင်ဆိုင်နေရပြီး အဂတိအမှုမှအပ ကျန်အမှုများကို ဒီဇင်ဘာအတွင်း အမိန့်ချမှတ်ဖွယ်ရှိကြောင်း မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အသိုင်းအဝိုင်းမှ သိရသည်။
ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အပါအဝင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ စသည့် အမှု ၅ မှုဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
“တရားရုံးဘက်က ၅၀၅ (ခ) နဲ့ သဘာ၀ဘေးစီမံ အမှုတွေကို ဒီဇင်ဘာလကုန်မှာ အပြီးဖြတ်ပြီး အမိန့်ချချင်နေတယ်၊ အဲဒီ အမှုတွေအတွက် ဆရာဇော်ဘက်ကနေ သက်သေ ၂၅ ယောက် တင်ထားတာမှာ ဒီအပတ် နောက်ဆုံးရုံးချိန်းထိ ၅ယောက် ပဲ စစ်ရသေးတယ်။ ရုံးချိန်းရက်တွေ များတော့ ဆရာဇော်ရဲ့ ကျန်းမာရေး ထိလာမှာတော့ စိုးရိမ်မိတယ်။ အခုတော့ ဆရာဇော်ရဲ့ ကျန်းမာရေးက ကောင်းနေတယ်လို့ သိရတယ်” ဟု အောင်မြေသာစံမြို့နယ် NLD ပါတီဝင် တဦးက ပြောသည်။
လက်ရှိတွင် အမှုများကို မြို့နယ်တွင် ၂ရက်၊ တိုင်းတရားလွှတ်တော်တွင် ၁ရက်စစ်ဆေးနေကြောင်း၊ ဒေါက်တာဇော်မြင့် မောင်၏ ကျန်းမာရေးအခြေအနေအရ တပတ်လျှင် ၃ရက် စစ်ဆေးနေခြင်းမှာ များပြားကြောင်း သူက ဆက်ပြောသည်။
ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မများနှင့် ပတ် သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးက ဒီဇင်ဘာလကုန် အပြီးဖြတ်၍ အမိန့်ချချင်သည့် အနေအထား ရှိနေပြီး ယင်း အမှုများအတွက် တင်ပြထားသည့် တရားခံပြသက်သေ ၂၅ ဦးအား တပတ်လျှင် သက်သေ ၂ ဦးနှုန်းဖြင့် စစ်ဆေးပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ကလည်း တောင်းဆိုထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း NLD ပါတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် လည်းကောင်း၊ ၂၀၂၁ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တဦးနှင့်တဦး အသိပေး၊ သတိပေး မိသားစုစီမံချက် (Version 3) ဖွင့်ပွဲကြောင့် သဘာဝဘေး ဥပဒေဖြင့် လည်းကောင်း တရားစွဲဆိုခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဆေးကုသစရိတ်၊ ပါတီရုံးမြေနေရာကိစ္စ၊ စီမံကိန်းဧရိယာနှင့် ဆက်စပ် လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မှုများတွင် အဂတိလိုက်စားမှု ရှိခဲ့သည်ဟုဆိုကာ စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုများအား ထောင်တွင်း အထူးတရားရုံးဖြင့် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က ပြောဆိုထားသည်။
စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မများအတွက် အပြစ်မရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က တရားခွင်တွင် ငြင်းဆို ထားသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားမှုများကိုလည်း မိသားစုဝင်များက ရှင်းပြ ငြင်းဆိုထားကြသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေသည် ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က အသက် ၆၇ နှစ် ရှိပြီဖြစ်သော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၅ ခုအတွက် ထောင်ဒဏ် ၇၅ နှစ် စုစုပေါင်း ၇၇ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံရပြီး ကရင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုလည်း ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှု ပုဒ်မ ၅၅ ဖြင့် ၆ မှုအတွက် ထောင်ဒဏ် နှစ် ၉၀ စုစုပေါင်း ၉၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံထားရသည်။
အလားတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ် ချခံထားရပြီဖြစ်သည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်အမှု မကြာမီ အမိန့်ချဖွယ်ရှိ