ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖြစ်ပွားနေသော လေးကေ့ကော်တိုက်ပွဲတွင် ပိတ်မိနေသည့် ပြည်သူ ၅၀၀ ခန့်ရှိပြီး စစ်ဘေးရှောင်ပြည်သူများလည်း ထပ်တိုးလာနေကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရသည်။
လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့ နံနက်ပိုင်းမှ စကာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းရပ်ကွက်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ မယ်ထော်တလေးရွာအနီးတွင် ယနေ့ နံနက် တိုက်ပွဲထပ်မံ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် မေတ္တာလင်းမြိုင်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့ ပူးပေါင်းပြီး ယနေ့ နံနက် ၉ နာရီကျော်တွင် လေးကေ့ကော်သို့ ဝင်ရောက်ရန်ကြိုးစားရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
ထိုကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ မယ်ထော်တလေး ကျေးရွာနှင့် ပဟိကလော်ရွာမှ ဒေသခံပြည်သူ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လေးကေ့ကော်တိုက်ပွဲတွင် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများနှင့် ကရင်လက်နက်ကိုင် သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက “မြဝတီမြို့ကနေ လေးကေ့ကော် ၆ ရပ်ကွက်နဲ့ ၃ ရပ်ကွက်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေကို စစ်ကူအင်အားဖြည့်ဖို့ စစ်ကြောင်း တက်လာတဲ့ အချိန်မှာ မယ်ထော်တလေး ကျေးရွာနဲ့ KNU ပိုင်တဲ့ ပဟိကလော် ကျေးရွာထိပ် အဲဒီနေရာမှာ မနက်က တိုက်ပွဲ ဖြစ်နေတယ်။ အခုအချိန်အထိ လက်နက်ကြီးနဲ့ ပစ်နေတာ အချက် ၅၀ ကျော်ပြီ အခုချိန်ထိ ကြိုကြား ကြိုကြား ပစ်နေတုန်းပဲ။ အဲဒါကြောင့် လေးကေ့ကော်ကနေ စစ်ရှောင်တွေ အများဆုံး နေနေတဲ့ ထီးမယ်ဝါးခီ ကျေးရွာကို အဲဒီ ပဲဟိကလော် တို့ မယ်ထော်တလေးတို့က စစ်ဘေးရှောင်သူတွေက ဒီဘက်ကို လူရာချီပြီးတော့ ပြေးနေတယ်” ဟု ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲအတွင်း ပိတ်မိနေသူများကို ရွှေ့ပြောင်းနေရာချထားပေးရန် အတွက် နယ်မြေခံ ကရင်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် စီစဉ်နေကြောင်း သိရသည်။
KNU သတင်းရင်းမြစ် တဦးကလည်း “ဘုန်းကြီးကျောင်းတို့ ဘုရားကျောင်းတို့မှာ တည်းနေကြတဲ့ အဖွဲ့ရှိတယ်။ ဒါပေမယ့် အဲဒါက ရေရှည်အဆင်မပြေဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲက ထပ်ဖြစ်မယ်ဆိုရင် အဲဒီနေရာတွေလည်း လုံခြုံမှု မရှိဘူး။ အဲဒီတော့ တခြား တနေရာ ရွှေ့ဖို့တော့ နယ်မြေခံ တပ်တွေက စီစဉ်နေတာပေါ့” ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒေသခံ ပြည်သူများအနေဖြင့် နေရာထိုင်ခင်း အခက်အခဲများ အပြင် ရာသီဥတု အေးသည့်ဒဏ်ကိုပါ ခံနေရသည့် အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသူ တဦးက “ပစ္စည်းတွေက အများကြီး သယ်လို့ အဆင်မပြေတော့ ဘယ်လိုအနေအထား ဖြစ်လာမယ်ဆိုတာ မသိတော့။ အဝတ်အစားတောင် ၁ စုံ ၂ စုံလောက်ပဲ။ ရာသီဥတုကလည်း အရမ်းအေးတော့ အများကြီး လိုတယ်ပေါ့။ မပါလာတော့ ဖြစ်သလို နေရတဲ့ အနေအထားပဲ ရှိတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “မနေ့က မနက်ပိုင်းက ပစ်တာ နည်းတယ်။ ညဘက်ကျတော့ လက်နက်ကြီးနဲ့ ပစ်တာ တော်တော်များတယ်။ ဒီမနက်ဆိုရင် မနေ့ကထက်စာရင် ပိုပြီးတော့များပြီး ဆက်တိုက်ကို ချနေတာ။ မနေ့ကမှ နည်းနည်းခြားသေးတယ်။ ဒီမနက်ဆို မခြားတော့ဘူး။ သေနတ်ပစ်တာထက်စာရင် သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာ တော်တော်များတယ်။ ကလေးတွေကတော့ လက်နက်ကြီးသံ ကြားပြီဆိုတာနဲ့ ငိုကြတာ။ ကလေး ၁ ယောက်ဆို လက်နက်ကြီး ၁ လုံးကျရင် ၁ ခါငိုတယ်။ အသံက အကျယ်ကြီးပဲ ဆိုတော့လေ” ဟု ပြောသည်။
ယမန်နေ့က လေးကေ့ကော်တွင် နံနက်ပိုင်းတွင် တိုက်ပွဲ ၁ ကြိမ်၊ ညနေပိုင်းတွင် တိုက်ပွဲ ၁ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု အနည်းဆုံး ၃၀ ကျော်အထိ ရှိကြောင်း တိုက်ပွဲအတွင်း ရှိနေသည့် သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
You may also like these stories:
လေးကေကော်တွင် လွှတ်တော်အမတ် အပါအဝင် ၃၂ ဦး ဖမ်းခံရ