စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဖြင့် လှည့်လည် စီးနင်း မီးရှို့နေရာ ရွာပေါင်း ၂၀ မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက် အမိုးအကာနှင့် အခြေခံစား သောက် ကုန်များ လိုအပ်နေကြောင် ဒေသခံများထံမှ သိရသည်။
မေ ၂၄ရက်မှ စတင်ကာ အင်အား ၁၀၀ ခန့် ပါသော စစ်ကောင်စီ စစ်ကြောင်းသည် အဆိုပါ မြို့နယ်နှစ်မြို့နယ်ရှိ ရွာများသို့ လှည့်လည် စီးနင်းမီးရှို့ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ မိုးရွာသွန်းနေသည့်ကြားမှ ထွက်ပြေးနေရခြင်းဖြစ်သည်။
“မနေ့ကဆိုရင် မိုးတွေက တနေကုန် ရွာနေတာ။ ဒါကို ဘယ်လိုများ မီးရှို့သွားတယ် မသိပါဘူး။ သူတို့ ရောက်တဲ့ရွာတိုင်း မီးရှို့ခံနေရတာပဲ။ ကျနော့် အသက်က ၅၆ နှစ်ထဲမှာ ဒါမျိုးက ပထမဦးဆုံး ကြုံတွေ့ဖူးတာပဲ။ အရင်တုန်းကတော့ ဇာတ်ကား တွေထဲလောက် မြင်ဖူးတာ။ အခုက လက်တွေ့ ပြေးလွှားနေရတာ။ တရွာကိုဝင်တာနဲ့ အနီးတဝိုက်ကရွာတွေပါ ပြေးကြရ တာပဲ” ဟု ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာမှ စစ်ဘေးရှောင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ် ဝင်ရောက်သည့် ရွာများမှာ ယင်းမာပင်မြို့နယ်ရှိ ရွှေပန်းခိုင်၊ ဆည်ထန်းတောကြီး၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ၊ စည်လှောင်၊ စည်လှောင်ချောင်း၊ မြရိပ်၊ မြစိမ်း၊ ရေကြည်ပင်၊ ရေကြည်ပင်ရွာသစ်၊ သဲတောကြီး၊ ဘိန်းနွယ် ချောင်၊ ရွှေပေကုန်း၊ ကျေးစာကျ၊ အုံတုံပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ရွာသာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း၊ ဝါးတန်းတို့ ဖြစ်သည်။
မြရိပ်ကျေးရွာသားတဦးက “ပြေးဆိုလို့သာ ပြေးကြရတာ ဘယ်ကိုပြေးရမယ်ဆိုတာ မသိကြဘူးရယ်။ လွတ်တဲ့နေရာ၊ ကြုံ တဲ့နေရာ ပြေးကြရတာပေါ့။ နီးစပ်ရာရွာတွေကိုလည်း ပြေး၊ တောတွေထဲ ပြေးကြပေါ့။ အဲဒီလိုပြေးရင်းနဲ့ ဘုန်းကြီး ကျောင်း ရောက်ရင် ကျောင်းကကျွေး၊ ရွာတွေကလည်းကျွေးပေါ့။ အဲဒီလို စားသောက်နေကြရတာ။ မိုးထဲလေထဲ ပြေးကြရ တော့ အမိုးအကာကလည်းမပါ၊ ဆန်ဆီလေးတောင်မပါတော့ အတော့်ကို ဒုက္ခရောက်နေကြတယ်” ဟု ပြောပြသည်။

အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ရုပ်သံမှတ်တမ်း တခုကို ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ (မေ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။
“အခုက အကုန်ပြေးကြရတာဆိုတော့ အသက် ၈၀/၉၀ အရွယ်တွေရော၊ ကလေးပေါက်စလေးတွေရော မိုးထဲရေထဲ ပြေး ကြရတာ။ အဲဒါကိုတွေကိုမြင်ပြီး စိတ်ထဲမှာ ပြောမပြတတ်အောင် အတော်ကြီးကို ခံစားရတယ်။ အခုက ရက်ရက်စက်စက် ကြီးကို လုပ်နေကြတာလေ” ဟု ဆည်ထန်းတောကြီးကျေးရွာမှ စစ်ဘေးရှောင်တဦးကလည်း ပြောသည်။
အဆိုပါ ကျေးရွာများသည် လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်စသည့် တရုတ်ကြေးနီစီမံကိန်း အနီးတွင် တည်ရှိကာ ယင်းစီမံကိန်းအတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဧပြီလကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီက တပ်အင်အား များ တိုးမြှင့်ထားသည်။
တရုတ်ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများကို ရွာစဉ်ပတ်မွှေကာ နေအိမ်များအား မီးရှို့ခြင်း၊ ဒေသခံပြည်သူများ၏ ပစ္စည်း များအား လုယက်ခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်းများကို ပြုလုပ်နေပြီး မေ ၂၅ ရက်ကလည်း အောင်ချမ်းသာရွာအား ဝင်ရောက်စီးနင်းစဉ် စေတနာ့ဝန်ထမ်းများ စုပေါင်းစာသင်ပေးနေသည့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင် နှင့် နေအိမ်များ ကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ရွာသာကျေးရွာသို့ ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးသည့် ကျေးရွာသား ၂ ဦးကိုလည်း ပစ်သတ်သွားကြောင်း သိရ သည်။
“သူတို့က သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ဆိုတော့ ပြည်သူတွေက ထွက်ပြေးကြရတာပေါ့။ ပြီးတော့ ရွာတွေကို မီးရှို့တယ်ဗျာ။ ကျနော်တို့ ရွာသာက ထွက်ပြေးရင်းနဲ့ ရွာသား ၂ ယောက်ကို မိသွားတော့ သေနတ်နဲ့ ပစ်သတ်သွားတယ် မနေ့က” ဟု ရွာသာကျေးရွာသားတဦးက ပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ယင်မာပင်နှင့် ဆားလင်းကြီးမြို့နယ်များရှိ ကျေးရွာများမှ မီးလောင်ဆုံးရှုံးမှု အခြေအနေကို အသေးစိတ် မသိရသေးကြောင်း၊ ယင်းကျေးရွာများနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မီးရှို့လုယက် သတ်ဖြတ် နေခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ကတော့ ရွာစဉ်တလျှောက် ပတ်ပြီးမီးရှို့နေကြတာပဲ။ သူတို့ကို ဘာမှမလုပ်ဘဲကို မီးရှို့နေကြတာ။ ကျနော်တို့နားမှာ အခုအချိန်ထိ ဘာတိုက်ပွဲမှ မဖြစ်တာကို သက်သက်ကို မီးရှို့လူသတ်နေကြတာ။ သူတို့ မီးရှို့လို့ အိမ်ခြေဘယ်လောက်ထိ မီးလောင်သလဲဆိုတာတော့ အတိအကျ မသိရသေးဘူး၊ ကျနော်တို့ အနေနဲ့ကတော့ အခုလို ပြေးတာလွှားတာတွေလည်း မလုပ်ချင်ဘူး။ ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တာပါပဲ” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ယမန့်နေ့ ညပိုင်းက မြောက်ယမားတံတားမှနေ၍ ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ကူးလာကာ ယနေ့တွင် ဝါးတန်းကျေးရွာအား ဝင်ရောက်စီးနင်း မီးရှို့နေ သလို ယင်းမာပင်မြို့နယ်၊ တည်ပင်ကန်ကျေးရွာတွင်လည်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ထို့အတူ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်ကြား ပုသိမ်-မုံရွာလမ်းမပေါ်ရှိ မြောက်ယမားတံတား လမ်းကြေးကောက်ခံ သော မြတ်နိုးသူကုမ္ပဏီမှ ဂိတ်အဆောက်အအုံ ၂ လုံးနှင့် အလုပ်သမား လိုင်းခန်းတို့ကိုလည်း မီးရှို့ဖျက်ဆီးကာ လမ်းပြ အဖြစ် ဖမ်းဆီးလာသော အရပ်သားပြည်သူ ၂ ဦးကိုလည်း ကံကုန်းကျေးရွာသုသာန်အနီးတွင် သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။
You may also like these stories:
ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ
၁၀ ရက်အတွင်း ရေစကြို ရေလယ်ကျွန်းဒေသမှ အိမ် ၁၈၀ ကျော် မီးရှို့ခံရ
မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ
၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ