စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ရှမ်းနီဆရာတော် အသတ်ခံရမှုမှာ ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ် (PDF) များ၏ လက်ချက် ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနီအရပ်ဘက် အဖွဲ့အစည်း ၂၈ ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။
ယင်းကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (SYNO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီ သံဃာတော်များသမဂ္ဂ၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗန်းမြောက်မြို့နယ်)၊ ဗန်းမော်ခရိုင်ရှမ်းနီလူငယ်အဖွဲ့၊ ဖားကန့်မြို့ နယ် ရှမ်းနီလူငယ်ကွန် ရက်၊ ရှမ်းနီအမျိုးသားညီညွတ်ရေးအစည်းအရုံး စသည်တို့ ပါဝင်သော ရှမ်းနီအရပ်ဘက်အဖွဲ့အစည်း ၂၈ ဖွဲ့က ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။
၎င်းတို့၏ ကြေညာချက်၌ စက်တင်ဘာ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် KIA နှင့် PDF များသည် ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာ၌ သီတင်းသုံးနေသည့် ရှမ်းနီဆရာတော် ဦးဂန္ဓမာအား ခေါ်ဆောင်ပြီး နန့်ဆရွာအနီးတွင် သတ်ဖြတ် မြှုပ်နှံ ခဲ့ကြောင်း ဆိုထားသည်။
ဦးဂန္ဓမာသည် ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်ပြီး ဆရာတော်အား သတ်ဖြတ်ခြင်းသည် ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ရှမ်းနီအရပ်ဘက်အဖွဲ့များ က ဆိုသည်။
ယခင်ကလည်း KIA နှင့် PDF များသည် ဗန်းမောက်မြို့နယ် စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ စိုင်းကျန် အောင်ကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့သလို ဖားကန့်မြို့နယ်၊ ဟောင်ပါးရွာမှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီ နာယကဖြစ်သူ ဦးသန်းဖေကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းသာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် KIA နှင့် PDF တို့သည် သတ်ဖြတ်မှုများအတွက် တာဝန်ခံရမည် ဖြစ်ကြောင်း ရှမ်းနီ အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
ရှမ်းနီအမျိုးသားများတပ် (SNA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကလည်း KIA နှင့် PDF များသည် ရှမ်းနီ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ခဲ့ပြီးနောက် ရှမ်းနီလူမျိုး ရဟန်း သံဃာများကိုပါ သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “ဒီလို ဖြစ်ရပ်တွေကို KIA က အရင်ကတည်းက လုပ်လာတာ။ ကျနော်တို့ ရှမ်းနီတွေ ခံလာရတာ နှစ်ပေါင်း ၅၀ ရှိပြီ။ အခု တိုက်ပွဲဖော်ရင်လည်း ရှမ်းနီရွာတွေနားမှာပဲ ဖော်တယ်။ PDF တွေဟာ သတ်ဖြတ်မှုတွေ လုပ်လာတယ်။ သူတို့က အာ ဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ဖြစ်လာတယ်” ဟု ဆိုသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ဧရာဝတီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာ ၎င်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို ဖမ်းဆီးသတ် ဖြတ်ရန် မူဝါဒ ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း ပြောသည်။
၎င်းက “ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘယ်ဘာသာမဆို ဘာသာရေးအဖွဲ့အစည်းက လူတွေကို သတ်ဖြတ်ဖို့ ဆိုတာက မူပေါ်လစီလည်း မရှိပါဘူး။ ဗန်းမောက်ဘက်မှာ ဖြစ်တဲ့ပြဿနာက စစ်ကိုင်းတိုင်းထဲက PDF တွေ ဖြစ်တာလား။ KIA ဖြစ် တာလား ကျနော်တို့အနေနဲ့ သဲသဲကွဲကွဲ ဘာမှ အတည်ပြုပြောလို့ မရပါဘူး” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးနော်ဘူက KIA နှင့် PDF က သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များသည် KIA အပေါ် အထင် အမြင် လွဲမှားစေရန် ဝါဒဖြန့်သော လုပ်ဆောင်ချက်များလည်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီစွပ်စွဲချက်တွေက ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ လက်တွေ့ကတော့ ကျနော်တို့ဆီ သတင်းတွေ ပို့လာတာ လည်း မရှိပါဘူး။ ရှမ်းနီနဲ့ကချင်ကြားမှာ သွေးခွဲတဲ့လော်ဘီတွေရဲ့ လုပ်ရပ်တွေလည်း ဖြစ်နိုင်ပါတယ်။ နောက်တခုက ဘယ် သူမှန်းမသိတဲ့ အဖွဲ့တွေက သတ်ဖြတ်ပြီးမှ ကျနော်တို့အပေါ် ပုံချတာ၊ အပြစ်တင်တာလည်း ဖြစ်နိုင်တာပေါ့” ဟု ဆိုသည်။
ဗန်းမောက်မြို့နယ်မှ အမည်မဖော်လိုသည့် ရှမ်းနီတိုင်းရင်းသားတဦးက ရှမ်းနီတိုင်းရင်းသားအချို့ကို စစ်ကောင်စီတပ်နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် KIA နှင့် PDF က ဖမ်းဆီးမှု ရှိသော်လည်း ရှမ်းနီဆရာတော် အသတ်ခံရမှုအား ၎င်း အနေဖြင့် အတည်မပြုနိုင်ကြောင်း ပြောသည်။
“ဘာသာရေးအသင်းအဖွဲ့တွေက SNA နဲ့ ပတ်သက်မှု တော့ ရှိတယ်။ ဒါပေမဲ့ အသတ်ခံရတာတွေနဲ့ ဘယ်သူသတ်တယ် ဆိုတာကတော့ ကျနော်တို့လည်း မသိဘူး။ လက်နက်ကိုင်တဖွဲ့ဖွဲ့က ကြားထဲဝင်ပြီး လုပ်တာတွေလည်း ဖြစ်နိုင်ခြေ ရှိပါ တယ်။ ဒါပေမဲ့ တချို့ရှမ်းနီတွေကို KIA ရယ်၊ PDF ရယ်၊ ပကဖရယ်က ဖမ်းထားတာက သေချာသလောက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။