သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်အပါ ၅ ဦးကို ထောင် ၃ နှစ်စီချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနဲလ် အပါအဝင် ၅ ဦးကို လျှို့ဝှက်ချက်အက်ဥပဒေဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင် ၃ နှစ်စီ ယနေ့ ချမှတ်လိုက်သည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ရှောင်တာနဲလ်ထံမှ တွေ့ရှိသော စာရွက်စာတမ်းများမှာ အစိုးရ လျှို့ဝှက်ချက် ဖောက်ဖျက်သည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ဖြင့် စစ်ကောင်စီက တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။

ယခု ထောင်ဒဏ်ချမှတ်ခံရသူများတွင် အမှု၌ ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း ပါဝင်သည်။

စစ်ကောင်စီ၏ စွပ်စွဲမှုနှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ရှောင်တာနဲလ်နှင့် အမှုတွင် ပါဝင်သူများက အပြစ်မရှိကြောင်း ငြင်းဆိုထားကြပြီး စစ်ကောင်စီ စွပ်စွဲပြောဆိုသည့် စာရွက်စာတမ်းများမှာ လျှို့ဝှက်ချက်များ မဟုတ်ကြောင်းနှင့် တာဝန်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ရှောင်တာနဲလ်က ထွက်ဆိုထားသည်။

၎င်းတို့ ၅ ဦးအနက် ဦးစိုးဝင်းတဦးသာ ကျန်းမာရေးအရ အာမခံဖြင့် ပြင်ပတွင် နေထိုင်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ် အပါအဝင် ကျန် ၄ ဦးမှာ နေပြည်တော်ထောင်တွင်း ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်တို့ အနေဖြင့် အယူခံတင်သွင်းမည် ဖြစ်ကြောင်း သိရပြီး ရှောင်တာနယ်နှင့် ပတ်သက်၍မူ အယူခံတက်မတက် ရှင်းလင်းစွာ မသိရသေးပေ။

ယခု ထောင် ၃ နှစ် ထပ်မံချမှတ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ချမှတ်ခဲ့သည့် ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ်ထိ ရှိလာပြီ ဖြစ်သည်။

ရှောင်တာနဲလ် အနေဖြင့် ၎င်း တဦးတည်းအား သီးခြားစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃ (၁) အမှုအတွက်လည်း ယနေ့၌ပင် ထောင် ၃ နှစ် ချမှတ်ခံရသည်။

သို့သော် ယနေ့ ပြစ်ဒဏ်ချမှတ်သည့် ၂ မှုလုံးအတွက် ထောင်ဒဏ်အား တပေါင်းတည်း ကျခံစေသောကြောင့် ရှောင်တာနဲလ် အနေဖြင့် စုစုပေါင်း ထောင် ၃ နှစ်သာ ကျခံရမည် ဖြစ်သည်။

You may also like these stories:

တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ

Loading