ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ် အဆင့်မြင့်အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးအပါအဝင် အသေအပျောက် များခဲ့ကြောင်း စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၂၆ ရက်က ကုန်းသာရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကယား (ကရင်နီ) တော်လှန် ရေး တပ်ပေါင်းစု (KRU) နှင့် မဟာမိတ်တပ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း A တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးကြောင်း KRU က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲတွင် ခမရ ၆ တပ်ရင်းမှူး၊ ဒု ဗိုလ်မှူးကြီး အောင်ကိုဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တိုက်ပွဲဝင်အဖွဲ့ KRU ကမူ ရာထူးကြီး သေဆုံးမှု ရှိသည်ကိုသာ အတည်ပြု ပြောဆိုသည်။ ဧရာဝတီ အနေဖြင့် ဒုဗိုလ်မှူးကြီး အောင်ကိုဦး သေဆုံးမှု ရှိမရှိကို သီးခြား အတည်မပြုနိုင်သေးပေ။
KRU ပြန်ကြားရေး တာဝန်ခံက “အပွင့်ကြီး ၁ ပွင့်နဲ့တော့ တွေ့လိုက်တယ်။ တပ်ကြပ်ကြီး တယောက် ကျတာကို တော့ ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်။ နာမည်တွေကတော့ အတည်မပြုနိုင်ဘူး။ သူတို့ ရာထူးအကြီးအကဲ ၁ ယောက်ကျတယ် ဆိုတာကတော့ သေချာတယ်။ ရဲဘော်တွေ ကိုယ်တိုင်က သူတို့ရဲ့ ရာထူးအကြီးအကဲ ခေါင်းဆောင် ကျလို့ အော်ငိုတာတွေရော တချို့ဆို ထွက်ပြေးတာတွေရော ကြားရတယ်” ဟု ပြောသည်။
အင်အား ၅၀ နှင့် ၇၀ ကြားတွင် ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ကြား ဖြစ်ပွားသည့် တိုက်ပွဲ အကွာ အဝေးသည် အနည်းဆုံး ပေ ၄၀ နှင့် အများဆုံး ပေ ၆၀ ခန့်သာ ကွာဝေးသဖြင့် ကျဆုံးသည့် အခြေအနေများနှင့် အော်ဟစ်နေသည့် အခြေအနေများကို သိမြင်ရကြောင်း KRU အဖွဲ့က ပြောသည်။
ကုန်းသာရွာတွင် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များ တပ်စွဲနေသည်မှာ ၈ လခန့် ရှိပြီး ၎င်းတို့ တပ်စွဲထားသည့် စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။
KRU ပြန်ကြားရေး တာဝန်ခံက “သူတို့ တပ်စွဲထားလို့ ကျနော်တို့က ဝင်ပစ်လိုက် ပြန်ဆုတ်သွားလိုက်ပေါ့။ နောက် တခေါက် လာထိုင်ရင်လည်း ကျနော် တို့က ထပ်ပြီး ပြန်လုပ်ဖို့ ရှိမယ်။ လောလောဆယ်ကတော့ ပြန်ဆုတ်သွား တာပေါ့။ နောက်ပြန်လာထိုင်မယ့် အခြေအနေကတော့ ရှိတယ်” ဟု ဆိုသည်။
စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီကျော်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးအလုံးရေ ၄၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီး ထိမှန်၍ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ကျနော်တို့က လက်နက် တက်ကောက်ဖို့ အထိတောင် ရည်ရွယ်ထားတာ။ နောက် လက်နက်ကြီးတွေ တအားပစ် နေလို့ လူအများကြီး ထိခိုက်မှာဆိုတော့ မကောက်နိုင်တော့ဘဲနဲ့ ပြန်ဆုတ်ခဲ့ရတာပေါ့။ နယ်မြေပေးလိုက်ရတာ မဟုတ် ဘူး။ သူတို့ တပ်စွဲထားတဲ့ နေရာကနေပဲ ပြန်ဆုတ်တာပေါ့” ဟု KRU တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကုန်းသာရွာတွင် စစ်ကောင်စီတပ် ဝင်ရောက် တပ်စွဲချိန်ကတည်းက ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သည် တပ်စွဲထားသည့်နေရာမှအပ ရွာ၏ တခြားနေရာများတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။
ကရင်နီဒေသတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဒီးမော့ဆိုအပြင် လွိုင်ကော်၊ မိုးဗြဲနှင့် ဖရူဆို စသည့်မြို့နယ်များတွင် စက်တင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
You may also like these stories:
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ