ဇွန်လ ၁၉ ရက်က ကျရောက်သည့် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့တွင် ပန်း ပန်ခြင်း၊ ပန်းများ ကိုင်ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း တို့အတွက်ဆိုကာ လူ ၁၀၀ နီးပါး စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးအပါအဝင် ဒေသတချို့မှ ပန်းပန်သူ၊ လမ်းပေါ်သွားလာစဉ် ပန်းများကိုင်လာ သူများအပြင် ဆိုရှယ်မီဒီယာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပြုစုထားသည့် စာရင်းအရ ရန်ကုန်တမြို့တည်းမှာပင် ပန်းပန်ခြင်း၊ ကိုင်ဆောင်ခြင်း တို့ကြောင့် လူ၄၀ ကျော်ဖမ်းဆီးခံရပြီး အတည်မပြုနိုင်သေးသည့် ဖမ်းဆီးခံရသူများ လည်း ရှိကြောင်း သိရသည်။
ထို့ပြင် ဆိုရှယ်မီဒီယာပေါ်တွင် အဆိုပါနေ့နှင့် ပတ်သက်၍ တင်ခြင်းကြောင့် အဖမ်းခံရသူများလည်းရှိသလို ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် Time City အနီးတွင် ပန်းကိုင်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသည့် Video ရိုက်ကူးခဲ့သည့် Yes Beauty & Salon ဝန်ထမ်း ၁၀ ဦးကျော်ဖမ်းခံခဲ့ရပြီး ယင်းတို့ထဲမှ ၂ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း GSCB ထံမှ သိရသည်။
အဆိုပါ ဗီဒီယိုထဲတွင် ကမာရွတ်မြို့နယ် Time City အနီးတွင် လမ်းသွားလမ်းလာများကို လက်နက်ကိုင်တပ်ဖွဲ့များက စစ်ဆေးနေပြီး ပန်းများကိုင် ဆောင်ထားသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။
GSCB အဖွဲ့ဝင် တဦးဖြစ်သူ ရို့စ်က “ဗီဒီယို ရိုက်တဲ့ ၂ ယောက်ကို ၅၀၅ နဲ့ မနေ့က အမှုဖွင့်တယ်လို့ သိရတယ်။ လုံခြုံရေးကို အထူးဂရုစိုက်ပြီးတော့ ပါဝင်ပေးကြပါလို့ ကျမတို့က တိုက်တွန်းနှိုးဆော်ထားပေမယ့် ပြည်သူတွေက ကိန်းအောင်းနေတဲ့ အမေစုကို ချစ်ခင်မှုကို ပြသချင်လို့ ပန်းလေးတွေ ပန်ကြတယ်ပေါ့။ ပြည်သူတွေ အနေနဲ့ကလည်း ပန်းပန်တာလောက် ကတော့ ဘာမှ မဖြစ်လောက်ဘူးပဲ ထင်တာ။ ဒါမျိုး လုပ်တာကိုတောင် သေနတ်ကိုင်တဲ့လူတွေက လက်နက်နဲ့ ခြိမ်းခြောက် ဖမ်းတဲ့အခါကျတော့ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။
ရန်ကုန်အပြင် မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းအတွင်းက ပြည်သူ ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ပန်းပန်ထားသည့် ဓာတ်ပုံများနှင့် လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သည့် အနုပညာရှင် တချို့လည်း ဖမ်းဆီးခံခဲ့ရသည်။
မန္တလေးမြို့သစ်တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသူ ဒေါက်တာသက်ပိုင်စိုးလည်း Facebook လူမှုကွန်ယက်မှ My-day တွင် ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းစာ ဖော်ပြခဲ့သည့်အတွက် ပန်းသပိတ်တွင် ပါဝင်သည်ဆိုကာ အဖမ်းခံခဲ့ရ ကြောင်းသိရသည်၊ သူသည် ၂၀၁၅ ခုနှစ် မတိုင်မီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံး၌ ဘဏ္ဍာရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
မန္တလေးမြို့ခံ တဦးက “ဖမ်းဆီးဖို့ စစ်လော်ဘီတွေက တယ်လီဂရမ်ချန်နယ်တွေမှာ တင်ပြီး နာရီပိုင်းအတွင်း အဖမ်းခံ ခဲ့ရတာ၊ တမင်ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်သွားတာမျိုးပဲ၊ စစ်ကြောရေးကို ရောက်နေတယ်လို့ သိရတယ်” ဟု ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ် “ဟု Tik Tok စာမျက်နှာ၌ ဗီဒီယိုတင်ခဲ့သည့် သရုပ်ဆောင် ပိုးကြာဖြူခင်လည်း စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး အပါအဝင် တယ်လီဂရမ်ချန်နယ်များက လှုံဆော်သဖြင့် ဖမ်းဆီးခံခဲ့ရ သည်။ သရုပ်ဆောင် ပိုးကြာဖြူခင်သည့် ကိုယ်ဝန် ၁လကျော်လည်း ရှိနေသည်။
စစ်တပ်လော်ဘီများက ပိုးကြာဖြူခင်အပြင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဖော်ပြမှုများ ရှိနေပြီး သရုပ်ဆောင် အလင်းရောင်၊ သရုပ်ဆောင် ခင်ဝင့်ဝါနှင့် ဇာတ်ပို့လူကြမ်းသရုပ်ဆောင် ကျော်ဇင်ထွဠ် အပါအဝင် ပြည်သူတချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုမှုဖြင့် ဖမ်းဆီးရန် တယ်လီဂရမ် ချန်နယ်များက လိပ်စာများနှင့်တကွ လှုံ့ဆော်ရေးသားမှုများ ရှိနေသည်။
အကျဉ်းမကျခင်က အမြဲလိုလို ပန်းပန်တတ်သူ လူထုခေါင်းဆောင်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ပန်းများ ပန်ကာ သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများက လှုံ့ဆော်ထားပြီး ပြည်တွင်း၊ပြည်ပရှိ မြန်မာနိုင်ငံသား အများအပြားက ပါဝင်ခဲ့ကြသည်။
အလားတူ ဇွန်လ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ ညောင်ပင်သာရပ်ကွက် မြို့မဈေးကြီးအတွင်းတွင် ပန်းများ ပန်ဆင်ထားသော ဈေး ရောင်း/ ဈေးဝယ် အမျိုးသမီးများအား စစ်ကောင်စီတပ် ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွား ကြောင်း မြို့ခံများက ပြောသည်။
မြို့ခံတဦးက “ဒီနေ့ မနက်ပိုင်း ကလေးမြို့မဈေးထဲနဲ့ အနီးအနားက ဈေးဆိုင်ထဲက ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ လာပြီးတော့ ဖမ်းခေါ်သွားတယ်။ ဖမ်းသွားတဲ့အထဲမှာ သက်လတ်ပိုင်း အမျိုးသမီးတွေ များတယ်။ ဈေးရောင်းတဲ့သူတွေရာ၊ ဈေးလာဝယ်တဲ့သူတွေရောဆိုတော့ နေ့လယ် ၁၂ နာရီအထိ အားလုံးပေါင်း ၄၀ လောက် အဖမ်းခံထားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပန်းသပိတ်၏ နောက်ဆက်တွဲ အဖြစ် စစ်ကောင်စီက ပန်းများပန်ခြင်း၊ ကိုင်ဆောင်ခြင်း၊ ရောင်းချခြင်းများနှင့် ပတ်သက်၍ အမျိုးသမီးများကို ဦးတည် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူများ ရှိသော်လည်း အရေအတွက်ကိုမူ ဧရာဝတီမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မန္တလေးသပိတ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာ တေဇာဆန်းကမူ လူထုလှုပ်ရှားမှုတခုဖြစ်သည့် ပန်းသပိတ်ကို အင်အား မကောင်းစေရန် ပြည်သူများအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ပန်းသပိတ် သည် အာဏာရှင် ဖြုတ်ချရေးအတွက် ပြည်သူများ၏ သဘောထားဆန္ဒကို ထပ်မံ ပြသလိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “Gun သမားတွေက လူထုရဲ့ ပန်းကိုတောင်ကြောက်နေရပြီဆိုတော့ ဘယ်လောက်အထိ ထင်ရှား ပေါ်လွင်နေပြီလဲ။ ကြောက်တဲ့ဘက်က ရှုံးပြီးသားပါ။ လူထုရဲ့ တော်လှန်စိတ်ဓာတ်ကို ဘယ်အကြောက်တရားကမှ ဘယ်ဖိနှိပ်မှုက တားဆီး၊ဟန့်တား နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု ပြောသည်။
ပန်းပန်ခြင်းသည် ရာဇဝတ်မှုမဟုတ်ဘဲ လူတဦးချင်းစီ၏ အခွင့်အရေးဖြစ်ပြီး မည်သူကမျှ တားမြစ်၍ မရဟု မြန်မာ အမျိုးသမီးသမဂ္ဂ တွဲဘက်အတွင်းရေးမှူး မဇူးဇူးကလည်း ဆိုသည်။
၎င်းက “မြန်မာပြည်မှာ အမျိုးသမီးတိုင်းလိုလို ပန်းပန်တာ သဘာဝပါပဲ။ ဒါကြောင့် ပန်းသပိတ်မှာ သူတို့ပါဝင်ကြတာ။ စစ်တပ်က တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်လာမှာကို ကြောက်တယ်။ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှု ပထမနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ နောက်ပိုင်းတွင် နေပြည်တော်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီတရားရုံးက အမှု ၁၉ မှုဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို
“ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ်”
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့