မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးရှိ ကျုံအိတ်တံတား ဖောက်ခွဲတိုက်ခိုက်ခံရမှုကို သွားရောက်စစ် ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဧရာဝတီကို ပြောသည်။
ယမန်နေ့ ည ၉ နာရီခန့်က ကျုံအိတ်တံတားကို ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးနေစဉ် ထိုသို့ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးတိုးဝင်းက “ကျနော်တို့က မြန်မြန်ဆန်ဆန်ပြုပြင်လို့ရအောင်၊ ပြည်ထောင်စုလမ်းကြီး ရပ်တန့်မှုမဖြစ်အောင် သွားစစ်တဲ့ အဖွဲ့တွေလေ။ အဲဒါကို သူတို့က Drop Bomb ချလိုက်တဲ့အခါကျတော့ ဒဏ်ရာတွေရသွားတာ။ ၂၀ ကျော် ၃၀ လောက် ရှိပါတယ်။ သေဆုံးတာက ခရိုင်အင်ဂျင်နီယာတယောက်ပါတယ်၊ အုပ်ချုပ်ရေးက စာရေးတယောက်ပါတယ်။ ကျန်တာတွေ ကတော့ ဒဏ်ရာရတာပေါ့နော်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရတာပေါ့လေ။ ခြေထောက်တွေ၊ ပေါင်တွေ၊ ခေါင်းတွေ အစတွေမှန်တာပေါ့။ သေးသေးမွှားမွှားတွေဆိုပေမယ့် တချို့လည်း ခွဲစိတ်ရတာတွေဘာတွေ ရှိပါတယ်” ဟု ပြောသည်။
ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားသည် ရန်ကုန်-မော်လမြိုင်-ဘားအံ-မြဝတီတို့ကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကြီးပေါ်တွင်တည်ရှိပြီး အရှည် ၉၅ ပေ၊ အကျယ် ၃၆ ပေ ရှိသည့် ကွန်ကရစ်အမျိုးအစားဖြစ်ကာ မိုင်းခွဲခံရမှုကြောင့် အကျယ် ၂၄ ပေခန့် ပြိုကျခဲ့ကြောင်း သိရသည်။
ညပိုင်းတွင် တံတားပြိုကျနေသည်ကို မသိရှိသော အိမ်စီးကားနှစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ထိုးကျပျက် စီးနေသည်ကိုတွေ့ရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ကြောင်းလည်း ဦးတိုးဝင်းက အတည်ပြုပြောဆိုသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/2-2.jpeg)
၎င်းက “မှောင်နေတဲ့အခါကျတော့ တံတားကျိုးမှန်းမသိဘဲ ဖြတ်မောင်းတော့ အရှိန်လွန်ပြီးကျသွားတာပေါ့။ တဦးသေဆုံးမှု ရှိတာ မှန်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကျုံအိတ်တံတားမှာ သုံးပုံနှစ်ပုံပျက်စီးခဲ့သော်လည်း ကျန်ရှိသည့် အကျယ် ၁၂ ပေခန့်တွင် ကားများအား ပေးဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ-၁ (သထုံခရိုင်) လက်အောက်ခံတပ်ရင်း (၂)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီသည် ယင်းလမ်းပိုင်းအား အသုံးပြုကာ လူ၊ လက်နက်အင်အားဖြည့်တင်းမှုနှင့် ရိက္ခာထောက်ပို့မှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး စောကျော်မြင့်က ဆိုသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/3-1.jpeg)
၎င်းက “သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေ လုံးဝ ထောက်ပို့လို့မရအောင်၊ စစ်အင်အားဖြည့်တင်းတာ၊ အမြောက်သယ်တဲ့ ကားတွေ၊ တင့်ကားတွေ သယ်ပို့ရာမှာလည်း အချိန်မီလုပ်လို့မရအောင်ပေါ့။ စစ်ရေးကျုံ့သွားအောင်၊ ကြန့်ကြာမှုတွေဖြစ် အောင် ရည်ရွယ်ပြီးလုပ်လိုက်တာပါ” ဟု ပြောသည်။
တံတားအား မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမည်ကို သတင်းရရှိထားသည့်အတွက် တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားပြီး ၎င်းတို့ရောက်လာချိန်တွင် ဒရုန်းဖြင့် ဗုံး ၁၀ လုံးကြဲကာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီဘက်မှ လူ ၂၀ ကျော် ထိခိုက်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
လတ်တလော KNU လက်အောက်ခံ ပူးပေါင်းတပ်များအနေဖြင့် စစ်ရေးအရ စစ်ကောင်စီထောက်ပို့လမ်းကြောင်းများ အတွက် အရေးပါသည့်လမ်းပိုင်းများမှ တံတားများအား ဖောက်ခွဲဖြတ်တောက်လျက်ရှိရာ ပြီးခဲ့သည့် ဇွန် ၆ ရက်ကလည်း တပ်မဟာ-၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ နတ်သံကွင်းတံတားအပါအဝင် တံတား ၃ စင်းအား ဖောက်ခွဲဖျက်ဆီး ခဲ့သေးသည်။
ထို့ပြင် KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်စခန်းများနှင့် ရဲစခန်းများ၊ လုံခြုံရေးကင်းစခန်းများ မကြာခဏတိုက်ခိုက်နေရ သည့် စစ်ကောင်စီဘက်ကလည်း ၎င်းတို့အခြေစိုက်စခန်းများသို့ လာရောက်နိုင်သည့် ကျေးရွာချင်းဆက်လမ်းပိုင်းများအား ဘူဒိုဇာများဖြင့်ထိုးကာ လမ်းကြောင်းဖြတ်တောက်မှုအချို့ ပြုလုပ်လျက်ရှိသည်။
ယခုကဲ့သို့ လမ်းပိုင်းများအား ဖျက်ဆီးမှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့် သွားလာရေးနှောင့်နှေးကြန့်ကြားမှုများ အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
You may also like these stories:
ရေး၊ လမိုင်းနှင့် ခေါဇာမြို့က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ပိတ်လိုက်ရ
မြဝတီ မဲကနယ်တွင် တိုက်ပွဲ ပြင်းထန်နေ
ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ