စစ်ကောင်စီ ထိန်းသိမ်းထားရာမှ ယမန်နေ့က ပြန်လွတ်လာသော စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား ရွှေမလှူဒါန်းခဲ့ဖူးကြောင်း သူ၏ လူမှုကွန်ရက် Facebook မှနေ၍ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့အမှုတွင် စစ်ကောင်စီဘက်မှ သက်သေထွက်ဆိုချက်များ ပေးခဲ့သူဖြစ်ပြီး၎င်း ပြန်လွတ်လာခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် “ဒေါ်အောင်ဆန်းစုကြည်အား အိမ်ဆောက် ပေးခြင်း၊ ဘုရားတည်ပေးခြင်း၊ ရွှေချောင်းနှင့် ဒေါ်လာများ လာဘ်ထိုးခဲ့သည့် ဦးမောင်ဝိတ် ပြန်လွတ်လာကြောင်း” ရေးသား ပြောဆိုထားကြသည်။
ဦးမောင်ဝိတ်က “ဆရာဇော် (ဒေါက်တာ ဇော်မြင့်မောင်) သည် ကျနော့်ကို “ကျမ်းဆိုတာ ဆူးတတ်တယ်ကွ” ဆိုတဲ့ စကားတခါမှ မပြောခဲ့ဖူးပါ။ တကယ်တမ်းမှာ ဆုတောင်းပေးခဲ့တာပါ။ သက်သေခိုင်ခိုင်လုံလုံ ရှိပါတယ်။ ကျနော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေမလှူဖူးပါ။ ငွေလှူခဲ့တာပဲ ရှိပါတယ်” ဟု Facebook တွင် ရေးသားထားသည်။
ဦးမောင်ဝိတ်က သူသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ထိန်းသိမ်းခံရပြီး ၂၀၂၃ ခု ဇွန်၂၉ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။
သို့သော် ၎င်းလွတ်မြောက်လာကြောင်း ပြောဆိုသည့်နေ့မှာပင် နေပြည်တော်၌ စစ်ခေါင်းဆောင်တည်သည့် ဘုရား အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တခြား ခရိုနီကြီးများနှင့်အတူ ဦးမောင်ဝိတ်လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး စုစုပေါင်းအလှူငွေကျပ် ၁၆၁၇၇ သန်း ရရှိခဲ့ကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဦးမောင်ဝိတ်အနေဖြင့် စစ်တပ်ထိန်းချုပ်မှုအောက် ရှိနေခဲ့သည့်ကာလများအတွင်း ၎င်းအလှူငွေပေးအပ်မှုများနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ ဇော်မြင့်မောင်တို့အား အဂတိမှုများဖြင့် တရားစွဲဆိုရာတွင် စစ်ကောင်စီ ဘက်မှနေ သက်သေထွက်ဆိုပေးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ်နှင့် ဒေါက်တာ ဇော်မြင့်မောင်အား ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။
အမှုတရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲမှာ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းအတွက် လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ဒေါက်တာ ဇော်မြင့်မောင်၏ ဆေးကုသစရိတ်အတွက် ထိုင်းဘတ်ငွေ တသိန်းနှင့် ကျပ်သိန်း ၆၅၀ အား လှူဒါန်းပေးခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သော်လည်း ထိုသို့ပေးအပ်မှုများအား လာဘ်စားမှုအဖြစ် စစ်ကောင်စီက ပုံဖော်ကာ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးမောင်ဝိတ်အနေဖြင့် ယမန်နေ့က အိမ်ပြန်ရောက်ကြောင်း ပြောဆိုထားသော်လည်း စစ်တပ်က ၎င်းအား မည်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိသည့်အပြင် မည်သည့်နေရာတွင် ချုပ်နှောင်ခံရပြီး မည်သည့်ရက်၌ ပြန်လွတ်လာသည်ကိုလည်း ဖုံးကွယ်ထားသည်။
၎င်းနှင့်နီးစပ်သူတဦးကမူ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဦးမောင်ဝိတ် ဖမ်းဆီးခံရကာ နေအိမ်၌ မရှိသည်မှာ မှန်ကန်ပြီး စစ်တပ်ဖမ်းဆီးထားစဉ် မည်သည့်နေရာတွင် ချုပ်နှောင်ထားခဲ့သည်ကို မသိရှိကြောင်း ပြောသည်။
ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်သည် ခေတ်အဆက်ဆက် စစ်တပ်အရာရှိများနှင့် နီးစပ်ခဲ့သူဖြစ်ပြီး စစ်အာဏာရှင်းဟောင်း ဦးသန်းရွှေလက်ထက်၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ချမှတ် ခံခဲ့ရကာ၂၀၁၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
You may also like these stories:
နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် အမှုထပ်မံဖွင့်
ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ