ကယား (ကရင်နီ)ပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းဒေသရှိ ကျေးရွာတရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ တာဝန်ရှိသူ ကိုဗညားက ပြောသည်။
ပြီးခဲ့သည့် ဇွန်လက ဖရူဆိုအနောက်ဘက်ခြမ်းတွင် ကျောင်းဖွင့်ပါက ၎င်းတို့ထံ စာရင်းပေးရန် မပေးပါက ကျောင်းအား ဗုံးကြဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗုံးကြဲခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။
ကိုဗညားက “ဖရူဆိုအနောက်ဘက်ခြမ်းမှာရှိနေတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်မယ်ဆိုရင် စစ်ကောင်စီကို ဖွင့်တဲ့ ကျောင်းနာမည်တွေ၊ ကျောင်းသားဦးရေစာရင်းတွေ ပေးရမယ်ပေါ့။ သူတို့ ဖွင့်ပေးတယ်ဆိုတဲ့ပုံစံမျိုးလုပ်ခိုင်းတာ။ သတ်မှတ် တဲ့ပုံစံ လုပ်မပေးဘူးဆိုရင် ဗုံးကြဲမယ်ဆိုပြီးတော့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့နဲ့ တဆင့်ခံပြီးတော့မှ ခြိမ်းခြောက်ခဲ့တာရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက် ညပိုင်းများ၌လည်း စစ်ကောင်စီက ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဒိုးရောရွာ အပါအဝင် ကျေးရွာသုံးရွာအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အမျိုးသားတဦး သေဆုံးခဲ့သည့်အပြင် နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ခန့်ရှိပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံဦးရေ ၃၅,၀၀၀ ခန့်မှာ စစ်ဘေးရှောင်စခန်းများနှင့် တောတောင်များအတွင်း တိမ်းရှောင်နေထိုင်ရလျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီ ပေးနေသူများက ပြောထားသည်။
နယ်စပ်စခန်းများသိမ်းပိုက်ခံရပြီး စစ်ရေးအရအထိနာနေသည့် ကရင်နီဒေသအတွင်း စစ်ကောင်စီဘက်က လေကြောင်း အင်အားသုံးကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်၊ နံနက် ၂ နာရီခန့်ကလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုအား လေကြောင်းမှ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ဗုံးတလုံးမှာ စစ်ရှောင်စခန်းအလယ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါင်းငံခါးကျေးရွာ စစ်ရှောင်မိ သားစုတစုမှ အမျိုးသားတဦး ခြေထောက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အမျိုးသမီးမှာ ဘယ်ဘက်လက်သုံးချောင်း ပြတ်ထွက် ခဲ့ပြီး အသက် ၃ နှစ်အရွယ် သားဖြစ်သူမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မကြာသေးမီက ပြန်လည်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းမှ ကျောင်းဆောင်နှစ်ဆောင်လည်း ထိမှန်ပျက်စီးခဲ့ သောကြောင့် ကျောင်းအားပြန်လည်ပိတ်ထားရကြောင်းနှင့် စစ်ဘေးရှောင်များမှာလည်း ထပ်မံ၍ နေရာပြောင်းရွှေ့တိမ်း ရှောင်ရလျက်ရှိကြောင်း သိရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ကိုဗညားက “စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများပြီဆိုရင် စစ်ရှောင်စခန်းပဲပြောပြော၊ ရွာပဲပြောပြော မဆီမဆိုင်ပစ်မှတ်ထားပြီးမှ ဗုံးကြဲတာဖြစ်စေ၊ လက်နက်ကြီးပစ်တာဖြစ်စေ လုပ်တဲ့အကျင့်ရှိတယ်။ အဲဒါက လူထုတွေကို အကြောက်တရားဖြစ်အောင် လုပ်တာပေါ့နော်။ တော်လှန်ရေးအင်အားစုတွေ ရှေ့တန်းမှာအသာရတဲ့အခါ လူထုကို ဗုံးကြဲပြီးတော့မှ ဖိအားပေးတာပေါ့” ဟု ပြောသည်။
ကရင်နီဒေသအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအား မှတ်တမ်းပြုစုဖော်ပြလျက်ရှိသည့် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)၏ ဇွန်လ ၃၀ ရက်ထိ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု ၅၂၇ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ၃၆၅ ဦးရှိကာ စစ်ဘေးရှောင်ရင်း သေဆုံးရ သူမှာလည်း ၁၃၆ ဦးထိရှိကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီဒေသအတွင်း တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိနေကြောင်းသိရပြီး ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ရှားတောမြို့နယ်၊ ဒေါမယ်ကျိုးရွာဟောင်း၌ ကရင်နီတပ်မတော် (KA)နှင့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၅၁၀ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း KA တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း KA တပ်ရင်း-၂ က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်နေ
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
သံလွင်မြစ်အရှေ့ ခြမ်း၌ ကရင်နီပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး