လောက်ကိုင်တွင် လက်နက်ချသည့် ဗိုလ်မှူးချုပ်များအား ပြင်းပြင်းထန်ထန် အရေးယူလိုက်သည့်အတွက် ရှေ့တန်းရှိ စစ်သည်များအနေဖြင့် အခက်အခဲ အကျပ်အတည်း ကြုံလာပါက ၎င်းတို့လွတ်လမ်းအတွက် အမျိုးမျိုးသောနည်းလမ်း ရှာခြင်းမျိုး လုပ်ဆောင်သူ များလာနိုင်ကြောင်း CDM စစ်သည်အချို့က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် လက်နက်ချအညံ့ခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးအနက် ၃ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီး ကျန် ၃ ဦးအား ထောင်ဒဏ်တသက်တကျွန်း ပြီးခဲ့သည့် သောကြာ နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။
တြိဂံတိုင်းစစ်ဌာနချုပ်မှ CDM လုပ်လာသူ ဗိုလ်ကြီး ဝင်းနိုင်စိုးက “ပြန်ပို့ခံရလို့ အရေးယူနေမယ်ဆိုရင် ငါတို့ တော်လှန်ရေးဘက်ကနေပဲ ပူးပေါင်းမယ်။ မထူးဘူး တော်လှန်ရေးဘက်က ပူးပေါင်းပြီးပြန်တိုက်မယ်ပေါ့။ ရှေ့ကလူကိုပဲ ကြည့်ပြီးတော့ အာဏာဖီဆန်မယ်ဆိုရင်လည်း လက်နက်ချပြီး တဖက်မှာပဲ အပြီးနေတော့မယ်။ ရောက်တဲ့နေရာကနေ ထွက်ပြေးတာတို့၊ ဒီဘက်မှာပဲ အပြီးနေတော့မယ်ဆိုတာမျိုးတွေ၊ အာဏာဖီဆန်မှုတွေ ပိုများလာနိုင်တာပေါ့” ဟု ဆိုသည်။
ဧရာဝတီ သတင်းရင်းမြစ်များထံမှ စုံစမ်းချက်အရ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်မှူး (ဒကစ လောက်ကိုင်) ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နှင့် တပ်မ-၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ ၃ဦးကို သေဒဏ်ချမှတ်ကာ အင်းစိန်ထောင် သို့ ပြောင်းရွှေ့ထားကြောင်း၊ အမှတ် (၁၄) စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး နှင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းတို့ကိုမူ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှာ လက်နက်ချရန်ညှိနှိုင်းစဉ်က သဘောမတူဘဲ ခံချမည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်း အများနှင့်တယောက်ဖြစ်၍ လက်နက်ချရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကြောရေး၌ ထွက်ဆိုခဲ့ပြီး၊ အလားတူ ဗိုလ်မှူးချုပ်သော်ဇင်ဦးမှာမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မ ၄၄ တပ်မမှူး တာဝန်ယူစဉ်ကတည်းက အနီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ CDM ပြုလုပ်ခဲ့သူ ဗိုလ်ကြီး ကောင်းသူဝင်းက “ရှေ့တန်းစခန်းတွေ၊ မဆုတ်တမ်း ခံစစ်တွေကနေ စွန့်ခွာတယ်ဆိုရင် တသက်တကျွန်းတို့၊ သေဒဏ်တို့ အဲဒီလိုမျိုးပေးတာတွေရှိတယ်။ ဒကစလို၊ တပ်မဌာန ချုပ်လိုမျိုး ဒီလိုအခိုင်အမာနေရာတွေကနေ အကုန်လုံးကိုထားပြီးတော့ သူတို့အနေနဲ့စွန့်လွှတ်ခဲ့၊ လက်နက်ချအလင်းဝင်ခဲ့ တယ်။ ဒီလိုအနေအထားဆိုရင် စစ်တပ်အနေနဲ့ မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုမှလက်ခံမှာ မဟုတ်ဘူး။ သူတို့ကိုလည်း စံပြအနေနဲ့ အခြားသောတာဝန်ရှိသူတွေ၊ အရာကြီးတွေ ဆက်မလုပ်ရဲအောင် ပြင်းပြင်းထန်ထန် အရေးယူပြမှဖြစ်မယ်။ ဒီလိုလုပ်မှလည်း ကျန်တဲ့သူတွေက လက်နက်မချဘဲ သူတို့အနေနဲ့ဆက်ပြီး တိုက်ပေးမယ့် အနေအထားမျိုးဖြစ်အောင် အရေးယူတယ်ပေါ့” ဟု ဆိုသည်။
လောက်ကိုင်မြို့တွင် ကိုးကန့်အဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်ကြား ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက် ကျရောက်ခဲ့ကာ ၅ ဦး ထိခိုက်ခဲ့မှုကြောင့် တရုတ်အစိုးရက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
ထို့နောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လောက်ကိုင်တိုက်ပွဲတွင် လေကြောင်းပစ်ကူ မပေးရန် အမိန့်ထုတ်လိုက်ခြင်းကြောင့် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွင်ရှိသော စစ်ကောင်စီတပ်များ ကိုးကန့် တပ်ဖွဲ့၏ ဝိုင်းပတ်ပိတ်ဆို့ထားမှုအား ဖောက်ထွက်ရန် မဖြစ်နိုင်သည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာန (ကကကြည်း) သို့ တင်ပြကာ လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိကမြို့ဖြစ်သော လောက်ကိုင်မြို့သည် MNDAA က သိမ်းယူမည့်မြို့များထဲ အဓိက ပစ်မှတ်မြို့တမြို့ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဒကစ လောက်ကိုင်တခုလုံး MNDAA ထံ လက်နက်ချခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လောက်ကိုင်တွင် တာဝန်ယူထားသည့် ဗိုလ်မှူးချုပ် အများစု လက်နက်ချခဲ့သော်လည်း လောက်ကိုင်အထက်ရှိ ပွိုင့် ၂၂၀၂ ခံစစ်စခန်း တာဝန်ယူထားသည့် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မင်းမောင်ကမူ စစ်သည်အင် အား ၃၅၀ ကျော်ဖြင့် ဆုတ်ခွာခဲ့ကြောင်း၊ မဟာမိတ် ညီနောင်တပ်ဖွဲ့များနှင့် ဝေးရာအရောက် စစ်ရဟတ်ယာဉ်များဖြင့် ခေါ်ယူကာ တန်ယန်းမြို့ရှိ အမှတ် ၃၃ ခြေလျင်တပ်ရင်းသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း စစ်ဘက်အသိုင်းအဝန်းများကြား လက်နက်မချသူတဦးအဖြစ် ဂုဏ်ယူစွာ ရေးသား ပြောဆိုကြသည်။
You may also like these stories:
လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များနေရာ အစားထိုးခန့်အပ်
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ