ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရန် ပြီးခဲ့သည့်အစိုးရလက်ထက်များက ပျောက်ကွယ်ခဲ့သည့် ရေစုကန်များကို အသစ် ပြန်လည်တည်ဆောက်ရန် လိုအပ်သည် ဟု ယနေ့နံနက်က နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား အပြီး မီဒီယာ တချို့နဲ့တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက “ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝမ်းနည်းစရာကောင်းတာက ရေစုကန်တွေ မရှိတော့ဘူး ၊ ဒါတွေ ပြန်လုပ်ရမယ်။ အပြစ်ပြန်ပြောတာတော့ မဟုတ်ဘူး၊ ဒါက မလုပ်မဖြစ်တဲ့ ကိစ္စဖြစ်နေတယ်။ ချမ်းသာရင်တော့ ဒီရေစုကန် နေရာတွေကို ပြန်ဝယ်ချင်တယ် ။ မရဘူးဆိုရင်တော့ ရေစုကန် နေရာ အသစ်ပြန်ရှာပြီးတော့ ဒီနေရာတွေ မှာ ရေစုမယ်၊ ပြီးလို့ရှိရင် မော်တာ နဲ့ စုပ်ထုတ်ပြီးတော့ မိုးရွာနေတဲ့ အချိန်မှာ ရေစုထားမယ်” ဟု ပြောသည်။
ယခင်အစိုးရ အဆက်ဆက် လက်ထက်က ရေစုကန် နေရာအများစုတွင် လူနေအိမ်များ တည်ဆောက်ခဲ့မှုကြောင့် ရေစုကန် အသစ် တည်ဆောက်ရန် မြေနေရာ အသစ်များ ထပ်မံရှာဖွေရမည်ဖြစ်ကြောင်း၊ ယမန်နေ့ ညနေပိုင်းက အချိန် ၂ နာရီခန့် အတွင်း မိုးရေချိန် ၄ လက်မ ခန့် ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်မြို့ အနီးတဝိုက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားမှုကြောင့် မိနစ် ၉၀ အတွင်း ရေပြန်ကျသွားသော်လည်း ယခုကဲ့သို့ မိုးထပ်ရွာမည်ကို စိုးရိမ်နေသည်ဟု သိရသည်။
ဆက်လက်၍ ၎င်းက “ ဒီမိုးထပ်ရွာမှာကို သိပ်ကြောက်နေတယ်၊ နောက်တခု က ပြင်ရမှာတွေလည်းအများကြီးရှိတယ်၊ အဓိကကတော့ အမှိုက်ရှင်းဖို့ပဲ ၊ သို့သော်လည်းမိုးရွာရင်တော့ ရေတက်မယ်။ သို့သော်လည်း ချက်ချင်းပြန်ကျဖို့ရှိတယ်” ဟုပြောသည် ။
ယမန်နေ့က မိုးရေချိန် အလွန်များသည့်အတွက် ရေကြီးခဲ့ခြင်းဖြစ်ပြီး အမှိုက်များကို အဓိကထားရှင်းလင်းရန်၊ ရေစုကန်များ အသစ်တည်ဆောက်ရန် လိုအပ်ကြောင်း၊ ရန်ကုန်မြို့ ရေကြီးရေလျှံ မဖြစ်ရန် အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ ၁၂၄ သန်း ချေးငွေ ရယူကာ လိုအပ်သည့် ပြုပြင်မှုများဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်မှ သဘောတူထားပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ ကားလမ်းမများနှင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း၊ သစ်ပင်များ လဲခြင်း၊ အိမ်ခေါင်မိုးသွပ်ပြားများ ပြုတ်ထွက်ခြင်းများ ဖြစ်ပွားခဲ့သည်။