ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် သယ်ယူလာသည့် ဆန်အိတ် ၈၀၀ ကျော် ပလက်ဝမြို့ကို ရောက်ပြီဟု သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပလက်ဝကို ဆန်အိတ် ၈၀၀ လုံး ရောက်သွားပြီ။ မြို့နယ်အုပ်ချုပ်ရေးတို့ လှူတဲ့ NGOs အဖွဲ့တို့ ဘာတို့ ရပ်မိရပ်ဖတို့ကို လွှဲပေးလိုက်ပြီ။ ပလက်ဝထိ ရောက်သွားပြီ။ လမ်းကြောင်းကတော့ တပ်က လုံခြုံရေးယူပြီး ပတ်ပို့လိုက်တာ” ဟု ပြောသည်။
ဆန်အိတ် ၈၃၀ အပြင် ဆေးဝါးနှင့် အခြားစားနပ်ရိက္ခာများကို ကား ၁၀ စီးဖြင့် ချင်းအရပ်ဘက် အဖွဲ့အစည်းများ၊ အရပ်သားများ စုပေါင်းကာ ဆမီးမြို့မှ ဧပြီ ၁၆ ရက်က သယ်ယူလာခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က လည်း “မျိုးစုံသောအခက်အခဲတွေကို ကြံ့ကြံ့ခံကျော်လွှားပြီးတဲ့နောက် ဆန်အိတ် ၈၃၀ နဲ့ ဆေးဝါးတွေ ပလက်ဝမြို့ပေါ်ကို ချောမောစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။ ဆန်ရောက်ရှိနိုင်ရေး အတွက် အဘက်ဘက်မှ ကူညီဆောင် ရွက်ပေးကြသူများအားလုံးကို ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူး တင်ရှိပါကြောင်းရိုသေစွာ ဖေါ်ပြအပ်ပါတယ်ခင်ဗျား” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နာရီပိုင်း အတွင်းက ဖော်ပြထားသည်။
ကနဦးက ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များ ရှိသဖြင့် တားဆီးခြင်း၊ ဆန်များ ယူဆောင်ခြင်း ပြုလုပ်မည်ကို စိုးရိမ်သည်ဟုဆိုကာ လမ်းတဝက်တွင် သောင်တင် နေခဲ့ခြင်း ဖြစ်သည်။
ဆန်သယ်လာသည့် အဖွဲ့မှာ လမ်းတဝက်တွင် ဆက်မသွားရဲသဖြင့် တပ်မတော်က လုံခြုံရေးယူပြီး ပို့ဆောင်ပေးခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃၆၅၇ ဦး ရှိသည်။
You may also like these stories:
ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ
ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့