COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလအတွင် ထိုင်-မြန်မာ နှစ်နိုင်ငံညှိနှိုင်းလျှက် နေရပ်ပြန်မည့်သူများ စိစစ်လက်ခံလျှက်ရှိရာတွင် မြန်မာဘက်မှ လက်မခံသေးသည့် လူ ၄၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်း၌ ပိတ်မိနေကြောင်း ကာယကံရှင်များက ဧရာဝတီသို့ပြောသည်။
ယင်းပိတ်မိနေသူများသည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်တွင် အချုပ်ကျခံခဲ့ရသူများဖြစ်ပြီး ဂေါ်ရ ခါလူမျိုးများ၊ ရှမ်းနှင့် ဗမာ လူမျိုးများ ပါဝင်ကြောင်း ၎င်းတို့က ပြောသည်။
ပိတ်မိနေသူတဦးဖြစ်သည့် ကိုထမ်းဗဟာဒူးက “ကျနော်တို့က ပြီးခဲ့တဲ့ ၉ ရက်လောက်ထဲကရောက်တာ၊ ပိုက်ဆံမပေးနိုင်တော့ အဖမ်းခံရပြီး အချုပ်ခံရတယ်၊ အခုပြန်လွှတ်လာတော့ မြန်မာဘက်က လက်မခံဘူး၊ ဒီနေ့လည်း မနက် ၁၀ နာရီလောက်ထဲက ရောက်နေတာ လက်မခံဘူး၊ ကျနော်တို့က ကိုယ့်နိုင်ငံတောင် ကိုယ်ပြန်ဝင်လို့မရတော့ဘူးလား” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့သည် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားထိပ်တွင်ပင် ဖမ်းဆီးခံရသူများဖြစ်ပြီး ပြန်လည်လွတ် မြောက်လာချိန်တွင်လည်း တံတားထိပ်သို့ပင် ထိုင်းနိုင်ငံဘက်ခြမ်း တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ရှင်းပြသည်။
ပိတ်မိနေသူများထဲတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုအချို့လည်း ပါဝင်ကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးသူ တဦးကပြောသည်။
ပိတ်မိနေသည့်အခြေအနေနှင့် ပတ်သက်ပြီး ၎င်းတို့သည့် အချုပ်ကျခံရသူများဖြစ်သည့်အတွက် နှစ်ဖက်တာဝန်ရှိ သူများ တရားဝင် လွှဲပြောင်းမှုဖြင့်သာ လက်ခံနိုင်မည့်အခြေအနေဖြစ်ပြီး ၎င်းတို့အား နိုင်ငံသား ဟုတ်မဟုတ် စိစစ်ရမည့်လုပ်ငန်းစဉ်များလည်း ရှိနေကြောင်း မြဝတီမြို့နယ် ၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်အောင်က ပြောသည်။
ဦးသန့်ဇင်အောင်က “ ကျနော်ဘက်က လက်ခံတဲ့အပိုင်းက အခုလည်း နယ်စပ်ကို ကိုယ်အစီအစဉ်နဲ့ ကိုယ်လာတဲ့ သူတွေရော အကုန်လုံး လက်ခံပေးနေတာပါပဲ၊ ဒါပေမယ့် အခုသူတို့က နှစ်ဖက်တရားဝင် လွှဲပေးတဲ့အခြေအနေ မဟုတ်ဘူး။ တကယ်လို့ ကိုယ့်နိုင်ငံသားမဟုတ်တာ ပါလာရင် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေက ခက်ခဲပါတယ်၊ အချုပ်ကျနေသူနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလေးစားမှုနဲ့ ဆောင်ရွက်ဖို့လိုပါတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံညှိနှိုင်းမှုအရ ပြန်လိုသူများအား စိစစ်လက်ခံလျှက်ရှိရာတွင် ထိုင်းနိုင်ငံဘက်၌ အချုပ် ကျခံခဲ့ရသူများလည်း ပါဝင်လျှက်ရှိသည်။
You may also like these stories:
အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့