မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော AA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အပါအဝင် ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုထားရာ လာမည့်ဇူလိုင် ၇ ရက်တွင် ဒုတိယ စွဲချက် အမိန့်ချရန်ရှိကြောင်း မန္တလေးခရိုင်တရားရုံးမှ သတင်းရရှိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ယခုလ ၉ ရက်က စွဲချက်အမိန့်ချခဲ့ရာ စွပ်စွဲခံရသူများဘက်က အပြစ်မရှိကြောင်း ရှင်းလင်း မည်ဟု တရားရုံးတွင် ထွက်ဆိုသည့်အတွက် တရားလိုဘက်မှ ပြန်ခေါ်သက်သေ ၂ ဦး ဖြစ်သော ရဲအရာရှိ ၂ ဦးအား ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် သတ်မှတ်ခဲ့သည်။
သို့ရာတွင် ယနေ့ရုံးချိန်း၌ ပြန်ခေါ်သက်သေ ၂ ဦးအနက် အမှတ်(၁၁) မှုခင်းတပ်ဖွဲ့စု(မန္တလေး)မှ အမှုစစ် ရဲအုပ် သိန်းအောင်နိုင် ၁ ဦးသာ လာရောက်အစစ်ခံခဲ့သည့်အတွက် လာမည့်ဇူလိုင်လ ရုံးချိန်းတွင် ကျန်ရှိသည့် ပြန်ခေါ် သက်သေ ၁ ဦးဖြစ်သော အမှတ် ၁၁ နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်နိုင်အား ထပ်မံ စစ်ဆေးသွားမည်ဖြစ် ကြောင်း၊ ထိုနေ့တွင် သက်သေမှ လာရောက်ထွက်ချက်ပေးခဲ့ပါက ဒုတိယစွဲချက် အမိန့်ချနိုင်ရန် ရှိသည်ဟု စွပ်စွဲခံရသူများအနက် ၁ ဦး၏ ရှေ့နေဖြစ်သူ ဦးမျိုးမင်းဇော်က ပြောသည်။
ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော ၆ ဦးမှာ အောင်လင်းထက်(ခ) လင်းထက်၊ ချမ်းငြိမ်း၊ မြတ်ခိုင်၊ မိုးကျော်၊ ဝင်းသိန်းနှင့် ကျော်ကျော်ဖြိုး(ခ) ကိုဖြိုးတို့ ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) တို့ဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၈ ရက်မှ စတင်ကာ မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ယနေ့အထိ ရုံးချိန်းစုစုပေါင်း ၂၂ ခုရှိပြီ ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာက ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်မှ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်၊ ဂြိုဟ်တုဖုန်းအသစ် အလုံး ၄၀၊ ရုရှားထုတ်မှန်ပြောင်း ၃၀ ခု တို့ကို အေအေ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျုးလွန် ရန် (သို့မဟုတ်) အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှု ကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ် သော ဝတ္ထု ပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ထို့အတူ ပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ခုနှစ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန် –
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦး အကြမ်းဖက်ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
မန္တလေးတွင် AA နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများအမှု တရားလိုပြ သက်သေကို စစ်ဆေး
ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ