စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင် ၄ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ညနေ ၄ နာရီကျော်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့် လယ်ဇင်ရွာရှိ ပြည်သူ့ကာကွယ်ရေးစခန်းများ ကို ရှာဖွေရာ စခန်းနှင့် မနီးမဝေး ကွမ်းခြံ၌ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကို တွေ့ပြီး စခန်းသို့ ဖမ်းခေါ်ကာ နဖူး အားတေ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် ထွက်ပြေးသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သိရသည်။
သေဆုံးခဲ့သူများမှာ ကိုထွန်းဦး ၃၉ နှစ်၊ ကိုကျော်စွာဝင်း ၃၀ နှစ်၊ ကိုဝင်းသူဟိန်း ၂၅ နှစ်နှင့် ကိုကောင်းခန့်ကျော် ၂၃ နှစ်တို့ ဖြစ်ကြောင်း သိရသည်။
မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက “ကိုထွန်းဦးက သူတို့ မေးတာကို မဖြေတဲ့ အခါကျတော့ ခြေဖဝါးကနေ သေနတ် ပြောင်းထောက်ပြီးမှ ပစ်လိုက်လို့ ခြေဖမိုးကနေ ပေါက်ထွက်သွားတယ်။ အဲဒီနောက် နားထင်ကို တေ့ပစ်တာ။ နောက် တယောက်က မျက်လုံး ၁ ဖက်ကို တေ့ပစ်တာ ဦးနှောက်တွေပါ ပွင့်ထွက်သွားတာ” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “နောက်တယောက်က လှမ်းပစ်တာ ကျောကနေ ပေါက်ထွက်သွားတယ်။ နောက်တယောက်က လက်ပြန်ကြိုးတုပ်ပြီးတော့ ပစ်ခံထားရတာ။ သူတံတောင်က မြှောက်ရပ်နဲ့ခေါင်းမှာ ကပ်လျက်ဖြစ်နေတာ။ ခေါင်းပေါ် လက်တင်ထားပြီး သူ့ကို ပစ်သတ်တော့ အဲဒီအတိုင်းပဲ တညလုံးဆိုတော့ လက်က ပြန်ဆန့်လို့ မရတော့ဘူး အဲဒီ အတိုင်း စောင်နဲ့ ပတ်ထားရတယ်” ဟု ပြောသည်။
ထို့အပြင် ဒေသခံ ၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းရာတွင် ပြန်လည်ခုခံနိုင်သည့် လက်နက်အင်အား မရှိခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့ရခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။
You may also like these stories:
ကယားစစ်ရှောင်များ၏ နေအိမ်များကို အာဏာသိမ်းတပ် ဖောက်ထွင်းခိုးယူ
အာဏာသိမ်းတပ်၏ စည်းကမ်းမဲ့ တိုက်ခိုက်မှုများ ရပ်ရန် နိုင်ငံတကာသံရုံးများ တောင်းဆို